
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ အမျိုးသမီးငယ်တယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ရွှေလက်စွပ်နဲ့ဖုန်းယူကာ သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သူ ၃ ယောက်ကို ရဲတွေက ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “အတော်ကြောက်ဖို့ကောင်းတယ်၊ ရက်ရက်စက်စက် ခုတ်ဖြတ်ထားတာ။ အလောင်းစတွေ့တော့ ဘယ်ကလဲဆိုတာ ဘယ်သူမှမသိကြဘူး။ လိုက်စုံစမ်းတော့ ၈ ရပ်ကွက်က ပျောက်သွားတဲ့ကောင်မလေး ဖြစ်နေတယ်။ ဂျပန်နိုင်ငံသွားဖို့ မြင်းခြံကနေ သင်တန်းကိစ္စ လာစုံစမ်းရင်းဖြစ်တာ၊ မနေ့ကပဲ အသုဘချတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီး ဂျပန်နိုင်ငံသွားဖို့အတွက် စာမေးပွဲဖြေဆိုဖို့ မြင်းခြံမြို့မှ မကြာခင်ရက်ပိုင်းက ရောက်ရှိလာပြီး ၈ ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ ဗိုလ်မင်းရောင် လမ်းထောင့်ရှိ ၃ ထပ်အဆောင်မှာ နေထိုင်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“၈ ရက်နေ့ကတည်းက ပျောက်နေတာ၊ လူပျောက်တောင် ရဲစခန်းမှာဖွင့်ထားတယ်။ အဆောင်ကသူတွေက ရည်းစားနောက်ပါသွားပြီထင်နေတာ။ အလောင်းတွေ့မှ အသတ်ခံရမှန်း သိတာ။ အုပ်စုဖွဲ့ မုဒိမ်းကျင့်နေတယ်ဆိုတာက CID က အတည်ပြုတာ၊ ရဲစခန်းက မိတဲ့သူတွေကို လူသတ်မှု၊ လုယက်မှု၊ ထိခိုက်နာကျင်စေမှုနဲ့ ဖွင့်ထားတယ်၊ မုဒိမ်းမှုမပါဘူး။”
ပြစ်မှုကျူးလွန်သူတွေကို ရဲစခန်းက ဖမ်းမိတဲ့အခါ သေဆုံးသူကိုင်ဆောင်တဲ့ ဖုန်းနဲ့ဝတ်ဆင်ထား တဲ့ လက်စွပ်ကို သိမ်းဆည်းရမိခဲ့ပြီး အလောင်းကို ရွှေပြည်သာမြို့ ၁၄ ရပ်ကွက် ကိုင်းတောမှာ သွားရောက် စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ ဖမ်းဆီးရမိသူ သူရလင်း၊ အောင်မြင့်မြတ်နဲ့ ကျော်ဇင်မောင်တို့ ၃ ယောက်ကို ရွှေပြည်သာမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ - ၃၉၂ / ၃၀၂ / ၂၀၁ နဲ့ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက ပြောပါတယ်။