တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာမှာ မေလ ၁၁ ရက်က ရိုးရာဓလေ့ဖြစ်တဲ့ ပျားရည်ဆွမ်းလောင်းလှူပွဲကို ကျင်းပခဲ့ပါတယ်။
အဆိုပါ ပျားရည်ဆွမ်းလောင်းလှူပွဲကို ကဆုန်လပြည့်နေ့မှာ နှစ်စဥ်ကျင်းပလာခဲ့ပြီး အခုအခါ ၆၇ ကြိမ်တိုင်ရှိခဲ့ပြီလို့ ရွာခံတွေက ပြောပါတယ်။
ရွာခံတယောက်က “တရားအားထုတ်နေတဲ့ ရဟန်း၊ သီလရှင်တွေကို ကဆုန်လပြည့်နေ့မှာ ပျားရည်လှူတန်းရာကနေ အစပြုပြီး ရိုးရာဓလေ့အနေနဲ့ နှစ်စဥ်ကျင်းပလာခဲ့တာပါ။ ကိုဗစ်ကာလမှာ ပွဲမလုပ်ဖြစ်ပေမဲ့ ရွာသားတွေ ဘုန်းကြီးကျောင်းမှာ သွားလှူကြတယ်” လို့ ပြောပါတယ်။
အဆိုပါပွဲမှာ ဒေသခံတွေက ရပ်နီးရပ်ဝေးမှ သံဃာတော်၊ ရှင်သာမဏေနဲ့ သီလရှင်တွေကို ပင့်ဖိတ်ပြီး ပျားရည်ဆွမ်းလောင်းလှူကြတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ဒေသခံတွေက ပျားရည်ဆွမ်းလောင်းလှူနိုင်ဖို့အတွက် တောထဲရှိ သဘာဝပျားရည်နဲ့ နေအိမ်တွေမှာ ထင်းရှူးသေတ္တာနဲ့ တနိုင်တပိုင် ပျားမွေးမြူကြတယ်လို့ ရွာခံတွေက ပြောပါတယ်။
ကျွန်းစုမြို့နယ် ဒေသထွက်ပျားရည် လီတာတပုလင်းကို ကျပ် ၁၀,၀၀၀ မှ ၁၅,၀၀၀ အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။