
အသင်းဖော်ဟောင်း ဟယ်ရီကိန်းရဲ့ ပထမဆုံးဆုဖလား ရယူနိုင်မှုက အတုယူစရာ ကောင်းကြောင်း စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပြောသွားပါတယ်။
စပါးတိုက်စစ်မှူးဟောင်းဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ဒုတိယမြောက်ရာသီမှာ ကစားသမားဘဝ သက်တမ်းတလျှောက် ပထမဆုံး ဆုဖလားအဖြစ် ဘွန်ဒက်စ်လီဂါချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
အသင်းဖော်ဟောင်းလည်းဖြစ် အကောင်းဆုံးမိတ်ဆွေလည်းဖြစ်တဲ့ ဟယ်ရီကိန်းရဲ့ ပထမဆုံး ဆုဖလား ရယူနိုင်မှုအပေါ် ဝမ်းမြောက်မိပြီး ဟယ်ရီကိန်းကို အတုယူပြီး စပါးအသင်းအတွက် ဆုဖလား ရယူပေးချင်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။
စပါးအသင်းမှာ ဆက်ရှိနေတာက တခြားသူတွေ မစွမ်းဆောင်နိုင်ခဲ့တဲ့ အရာတွေကို ရယူပေးနိုင်ဖို့ ဖြစ်ပြီး ဆုဖလားရယူနိုင်ဖို့ ကြိုးပမ်းနေတာ ၁၀ နှစ်ကြာနေပြီဖြစ်ကြောင်း ဆွန်ဟောင်မင်က ပြောပါတယ်။
စပါးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၁၇ အထိ ရောက်ရှိနေပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်ထားပြီး မန်ယူအသင်းနဲ့အပြိုင် ဆုဖလားရယူနိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။