
ရုရှား-ယူကရိန်း စစ်ပွဲကို အချိန်တို အပစ်အခတ် ရပ်စဲထားပေမဲ့ ရုရှားဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြောင်း ရှေ့တန်းမှ ယူကရိန်းစစ်သားတွေက ပြောကြားခဲ့ပြီး မေ ၈ ရက်က ရုရှားခြေလျင်တပ်ဖွဲ့ငယ်တဖွဲ့ဟာ ရှေ့တိုးချီတက်လာဖို့ ကြိုးစားလာပေမဲ့ ယူနစ်အဖွဲ့ဝင်တွေ မောင်းနှင်တဲ့ ဒရုန်းတွေနဲ့ သူတို့ကို ရပ်တန့်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းစစ်သားတွေဟာ သူတို့ရဲ့ဘန်ကာထဲရှိ မော်နီတာတွေပေါ်က တိုက်ရိုက်ဖမ်းယူ ထုတ်လွှင့်ချက်တွေမှာ တိုက်ပွဲကို စောင့်ကြည့်ခဲ့ကြပါတယ်။
“ဒီ ၆ နာရီအတွင်းမှာတော့ တိုက်ရိုက်လွှင့်ချက်ကို ကြည့်နေတာမှာ ခြေလျင်တပ်တွေက ချီတက်လာနေတုန်းပဲ၊ ပေါက်ကွဲသံတွေလည်း ကြားနေရတယ်” လို့ မီခါ လို့ခေါ်တဲ့ အသက် ၃၃ နှစ်ရှိ ယူကရိန်းစစ်သား အိုလက်ခ်ဆန်ဒါက ပြောပါတယ်။
“ရုရှားအပစ်အခတ်ရပ်စဲရေး စတင်ချိန်ကတည်းက ၇ နာရီ ၄၆ မိနစ်အတွင်းမှာ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေးကို လိုက်နာခြင်း ရှိ မရှိ ဆိုတဲ့ အဖြစ်မှန်ကိုလည်း သူတို့ရဲ့လုပ်ရပ်တွေက ပြသနေတာပါပဲ” လို့ မီခါရဲ့ ရဲဘော်ရဲဘက် အသက် ၃၃ နှစ်ရှိ နားဇာရ် ကလည်း ပြောပါတယ်။
အရင်နေ့တွေကတည်းက ချီတက်လာတာတွေ အများကြီးရှိနေပြီး စစ်သားတွေလည်း များတယ်၊ ဘာမှ ပြောင်းလဲမသွားဘူးလို့လည်း ဆိုပါတယ်။
ရုရှားက စစ်ပွဲရပ်သွားမှာကို မလိုလားဘူး၊ တကယ်ပဲ စစ်ပွဲရပ်ဖို့ လိုလားတယ်ဆိုရင် ဒီလိုပုံစံမျိုး ဝင်လာနေမှာ မဟုတ်ဘူးလို့လည်း ယူကရိန်းစစ်သား အိုလက်ခ်ဆန်ဒါက ပြောပါတယ်။
Source: Reuters