
WBC ဝဲလ်တာဝိတ်ခါးပတ်အတွက် ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွီအိုဟာ လက်ဝှေ့ပြန်ထိုးသတ်မှာ ဖြစ်ပါတယ်။
ပက်ကွီအိုဟာ ဇူလိုင် ၁၉ ရက် လတ်စ်ဗီးဂတ်စ်မှာ အမေရိကန် လက်ဝှေ့သမား မာရီယိုဘာရီရို့နဲ့ ထိုးသတ်မယ်လို့ ESPN က မေ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ ပက်ကွီအိုဟာ လက်ဝှေ့ထိုးသတ်ခြင်းကနေ ၄ နှစ်ကြာ အနားယူခဲ့ရာကနေ လက်ဝှေ့ပြန်ထိုးသတ်မှာ ဖြစ်ပါတယ်။
ပက်ကွီအိုဟာ ၂၀၂၁ စက်တင်ဘာ ၉ ရက်မှာ လက်ဝှေ့ထိုးသတ်ခြင်းကနေ အနားယူကြောင်း ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ပြီး ကြေညာခဲ့တာပါ။
ဖလိုင်းဝိတ်တန်းကနေ စူပါဝဲလ်တာဝိတ်တန်းအထိ ဝိတ်တန်း ၈ ခုမှာ ချန်ပီယံအဖြစ် စံချိန်တင်ခဲ့တဲ့ ပက်ကွီအိုဟာ ပွဲပေါင်း ၇၂ ပွဲမှာ ၆၂ ပွဲ အနိုင်ရထားကာ ၈ ပွဲရှုံး၊ ၂ ပွဲသရေ ကျခဲ့ပါတယ်။
ပက်ကွီအိုရဲ့ လက်ဝှေ့သက်တမ်းတလျှောက် အလဲထိုးနိုင်ပွဲ ၃၉ ပွဲရှိတာ တွေ့ရပါတယ်။
လျင်မြန်တဲ့ ခြေရွှေ့ချက်တွေ၊ ပြင်းထန်တဲ့ လက်သီးထိုးချက်တွေကြောင့် လက်ဝှေ့သမိုင်းတလျှောက် တိုက်စစ်အကောင်းဆုံး လက်ဝှေ့သမားတယောက်အဖြစ် ပက်ကွီအိုကို သတ်မှတ်ကြပါတယ်။
ပက်ကွီအိုနဲ့ ထိုးသတ်မယ့် မာရီယိုဘာရီရို့ဟာ အရပ် ၆ ပေမြင့်ပြီး အသက် ၂၉ နှစ်အရွယ်ရှိကာ ပွဲပေါင်း ၃၂ ပွဲမှာ ၂၉ ပွဲ အနိုင်ရထားပါတယ်။
ဘာရီရို့ဟာ အလဲထိုး ၁၈ ပွဲရှိထားပြီး ၂ ပွဲရှုံးနိမ့်ကာ တပွဲသရေကျထားတာ တွေ့ရပါတယ်။
ဘာရီရို့ဟာ ၂၀၂၄ ဇွန်လကစပြီး WBC ဝဲလ်တာဝိတ်ချန်ပီယံဆုကို ဆွတ်ခူးထားပြီး ချန်ပီယံကာကွယ်မှု တကြိမ် ပြုလုပ်ထားပါတယ်။
ပက်ကွီအိုဟာ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင် လွှတ်တော်အမတ်အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်တုန်းက သမ္မတနေရာအတွက် ဝင်ရောက်အရွေးခံခဲ့ဖူးပါတယ်။
ဖိလစ်ပိုင် ရွေးကောက်ပွဲကို မေ ၁၂ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အမတ်နေရာအတွက် ပက်ကွီအိုက ဝင်ရွေးဦးမှာပါ။
Source: Reuters