
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဧပြီ ၂၂ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ်တွေကို မီးရှို့နေတာကြောင့် ကျေးရွာ ၆၀ ကျော်က ဒေသခံပြည်သူ သောင်းချီပြီး ထွက်ပြေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံက “မင်းလှနယ်ထဲက ရန်ကုန်-ပြည် လမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းက ရွာတွေနဲ့ ပဲခူးရိုးမထဲက ရွာတွေကို ခလရ ၁၊ ခလရ ၈၀၊ မိတ္ထီလာက တပ်မ ၉၉ လက်အောက်ခံတပ်တွေ ပေါင်းပြီး အင်အား ၃၀၀ ကျော်လောက်နဲ့ စစ်ကြောင်း ၃ ကြောင်း ဖြန့်ဝင်နေတယ်။ အဲဒီထဲက အင်အား ၁၀၀ ကျော်ပါလာတဲ့ စစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ကြတယ်။ သူတို့ဘက်က လေကြောင်းပစ်ကူပါ ပါလာတယ်။ (--)စစ်ကြောင်းဘက်က ထိခိုက်သေဆုံးတာတွေ များတယ်။ ဒါပေမဲ့ ပြန်မဆုတ်ဘဲ ရှေ့ဆက်တိုးတယ်။ တိုက်ပွဲပြီးတဲ့ နောက်ရက်ကစလို့ အဲဒီစစ်ကြောင်းသွားတဲ့ လမ်းတလျှောက်က စစ်ရေးနဲ့မဆိုင်တဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်တယ်၊ မီးတင်ရှို့တယ်” လို့ ပြောပါတယ်။
စစ်ကြောင်းထိုးခံရတဲ့ရွာပေါင်း ၆၀ ကျော်ရှိပြီး လက်နက်ကြီးကျည်ထိလို့ ဒဏ်ရာရကြတဲ့ ပြည်သူတွေလည်းကာ ပြည်သူပေါင်း သောင်းချီပြီးလည်း ထွက်ပြေးနေကြရတာ ၂ ပတ်နီးပါးရှိနေပြီလို့လည်း ပြောပါတယ်။
ဧပြီ ၂၇ ရက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၂၈ ရက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတလုံးဟာ ငလှစမ်းကျေးရွာထဲက ဦးဖိုးခွက်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်ပိုင်ရှင် ဦးဖိုးခွက်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ချိုတို့ မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြသလို သူတို့ရဲ့နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။
စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဦးတိုကညင်ပင်၊ ဦးတိုကျွဲလမ်းစု၊ ဦးတိုစာဖြူစု၊ ဦးတိုတာကလေး၊ ဦးတိုတောင်စု၊ ဦးတိုမြန်မာစု၊ ဦးတိုရွာသစ်၊ ကျောင်းရွာ၊ ကျွဲမကိုင်း၊ ရှမ်းကုန်း၊ ရွေးကုန်း၊ စမ်းကြီး၊ ကပ်ကျော်ရွာသစ်၊ ကံသုံးဆင့်၊ ထောက်ကြန့်၊ သရော်ကုန်၊ ဘန့်ဘွေးပင်၊ ဆားချောင်း(အနောက်)၊ ဆင်အိုင်ချောင်းပေါက်၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ ကျွန်းကုန်း၊ ဆားချောင်း(အရှေ့)၊ ခွက်မ၊ ငလှစမ်း၊ ငမိုးရိပ်၊ ဇရစ်မျှောင်၊ ရွှေပေါက်ပင်၊ ဟိုင်းယု၊ ဟိုင်းယုလမ်းဆုံ၊ ဗိုလ်ရုံ၊ ဝါးယား၊ ပျဥ်းကတိုးခင်း၊ စမ်းဘုတ်၊ ပက်တန်းကြီး၊ ပက်တန်းလေး၊ သဖန်းပင်ဆိပ်၊ မုက္ခာ၊ ညောင်သုံးပင်၊ ဘွတ်စိန်ဘု၊ ရွာသာယာ၊ သင်္ကန်းချောင်း၊ ရွာသာယာ၊ စိန်ကန့်လန့်၊ စမ်းတောင်ကွေ့စတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၆၀ ကျော်က ဒေသခံပြည်သူ သောင်းချီပြီး စစ်ရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
အောက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မိုးထက်က “အဲဒီစစ်ကြောင်းမှာပါတဲ့(--)တွေက ပြည်သူတွေမရှိတော့တဲ့ အိမ်တွေထဲက ပစ္စည်းတွေကို စိတ်တိုင်းကျခိုးပြီး အိမ်တွေကို မီးရှို့တာပဲ၊ မီးလောင်ပျက်စီးတဲ့ အိမ်အလုံးရေ ၃၀၀ ကျော်တယ်။ ထွက်ပြေးကြတဲ့ ရွာသားတွေက သူတို့အိမ်အခြေအနေတွေ ပြန်ကြည့်ကြတော့လည်း စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတာတွေရှိတယ်။ သိရလောက်တော့ ၁၀ ယောက်ထက် မနည်းဘူး။ သူတို့ကို စစ်ကြောင်းထိုးတဲ့လမ်းကြောင်းမှာ လူသားဒိုင်းလုပ်ပြီး ခေါ်သွားတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
ဧပြီ ၃၀ ရက်က ဇရစ်မျှောင်ကျေးရွာ၊ အရှေ့ကုန်းကျေးရွာနဲ့ ရွှေပေါက်ပင်ကျေးရွာတွေအပြင် မေ ၁ ရက် မနက်ပိုင်းမှာ ငမိုးရိပ်ကျေးရွာနဲ့ မေ ၅ ရက် ညဦးပိုင်းမှာတော့ ဦးတိုမြန်မာစု ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဦးတိုကညင်ပင်ကျေးရွာမှာ ဆက်လက်တပ်စွဲထားပြီး မေ ၆ ရက်နဲ့ ၇ ရက်နေ့ တွေမှာ အင်အားဖြည့်တင်းတာတွေ ထပ်မံပြုလုပ်နေပြီး တခြားကျေးရွာတွေကို စစ်ကြောင်းဆက်ထိုးမယ့် အလားအလာ ရှိနေတယ်လို့လည်း မင်းလှအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။