
စစ်ကောင်စီတပ်က မေ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်ကြောင်း ကြေညာခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းဒေသအတွင်း ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး မေ ၈ ရက် တနေ့တည်းမှာ TNLA တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံး၊ အဆိပ်ငွေ့ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို ထိုးစစ်ပြုလုပ်တော့မှာ မဟုတ်ဘဲ တဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ်တလ သက်တမ်းထပ်တိုးကြောင်း မေ ၁ ရက်မှာ ထုတ်ပြန်ကြေညာထားခဲ့တာပါ။
တအောင်းဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ TNLA က ထုတ်ပြန်ထားပါတယ်။