
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေဟာ မေ ၆ ရက် မွန်းတည့် ၁၂ နာရီလောက်က သူ့ရဲ့ နေအိမ်မှာ ဓားနဲ့ခုတ်ခံရပြီး ကျုံကူတိုက်နယ်ဆေးရုံမှတဆင့် ပုသိမ်ဆေးရုံကို ပြောင်းရွှေ့ချိန် လမ်းမှာသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဦးတင့်ဝေဟာ ရေတွင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ကို စစ်သားသစ် စုဆောင်းပေးနေသူဖြစ်ပြီး အမည်မသိ လူတစုက သူနေထိုင်တဲ့အိမ်ကို ရောက်လာပြီး ဓားနဲ့ခုတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ ဓားနဲ့ ခုတ်တဲ့သူတွေကိုတော့ မမိသေးဘူး။ သူကစစ်ကောင်စီတပ်အတွက် စစ်သားသစ် စုဆောင်းပေးနေတာ၊ စစ်တပ်အလိုကျလုပ်ဆောင်ပေးနေတဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်အကြီးစားလုပ်နေလို့ သူကို မကျေနပ်တဲ့သူတွေက ဓားနဲ့လာခုတ်သွားတာ ပဲဖြစ်မယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းမလိုက်နိုင်တဲ့သူတွေဆီကနေ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက ငွေကြေးတောင်းယူတာ တွေအမြဲလုပ်လေ့ရှိပြီး ရွာကသူတွေက သူ့ကိုကြောက်နေရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးမှူး ဦးတင့်ဝေရဲ့ မိသားစုဆွေမျိုး အသိုက်အဝိုင်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
ဧရာဝတီတိုင်းမြို့နယ်တွေထဲမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးပြီး စစ်ကောင်စီတပ်တွေကို ပို့ပေးနေတာကြောင့် လူငယ်လူရွယ်တွေ အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။
မေ ၄ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းက အသက် ၂၃ နှစ်အရွယ် လူငယ်တယောက် စစ်မှုထမ်းစာရင်းထဲပါပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာခေါ်တဲ့အချိန်မှာ ဆွဲကြိုးချပြီး အဆုံးစီရင်သွားပါတယ်။