
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး ဒါဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်လို့ခေါ်တဲ့ “ဘန်ဒေါင်းမူ ၅ ချက်” ကို ချိုးဖောက်နေပါပြီလား။ လေ့လာသူတွေရဲ့အမြင်ကို စုစည်းတင်ပြထားပါတယ်။
လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်ကောင်စီက ပြန်ရအပြီး မေ ၅ ရက်မှာတော့ တရုတ်က မြန်မာ့အကျိုးကို လိုလားကြောင်း ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကို စစ်ကောင်စီအာဘော် “မြန်မာ့အလင်းသတင်းစာ” မှာ ဖော်ပြလာပါတယ်။
ဒီဆောင်းပါးကို တရုတ်သံအမတ် မစ္စမာကျား ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပြီး “ဘန်ဒေါင်းမူ ၅ ရပ်” လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ၅ ချက်ကို အလေးထားကြောင်း ၂ ကြိမ်အထိ ထည့်ရေးခဲ့တာ တွေ့ရပါတယ်။
ဒီမူ ၅ ချက်ထဲမှာ နိုင်ငံတခုရဲ့ ပိုင်နက်နဲ့ အချုပ်အခြာအာဏာကို လေးစားဖို့၊ မကျူးကျော်ဖို့၊ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့နဲ့ နှစ်ဦးနှစ်ဖက် မျှတပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းဖို့တွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မှ ကော်နာ မက်ဒေါ်နယ်က “တရုတ်ရဲ့ စွက်ဖက်မှုဟာ မကြုံစဘူးဖြစ်ရပ်ဆိုတာ အမှန်ပါပဲ။ တရုတ်က တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်တဲ့ မူဝါဒကို ကျင့်သုံးတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမူဝါဒကို မြန်မာနိုင်ငံမှာ မလိုက်နာခဲ့တာ ထင်ရှားပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်တဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ သူက (မြန်မာ့ပြည်တွင်းရေးမှာ) တိုက်ရိုက်ပါဝင်လာတာ လားရှိုးဖြစ်ရပ်က အထင်ရှားဆုံး ဥပမာပါ” လို့ ပြောပါတယ်။
အဲဒီ “ဘန်ဒေါင်းမူ ၅ ချက်” ကို ဝန်ကြီးချုပ် ဦးနု လက်ထက် ၁၉၅၄ ခုနှစ်မှာ တရုတ်၊ အိန္ဒိယနဲ့ မြန်မာတို့ ပူးပေါင်းချမှတ်ခဲ့တာဖြစ်ပြီး ၁၉၅၅ ခုနှစ်မှာတော့ ဒီမူကြီး ၅ ရပ်ကို အာရှ၊ အာဖရိက တို့မှာရှိတဲ့ နိုင်ငံပေါင်း ၂၉ နိုင်ငံက သဘောတူ အတည်ပြုခဲ့ကြပါတယ်။
ဒီမူ ၅ ချက်မှာ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရ ဆိုတဲ့ အချက်တွေ ပါဝင်ပေမဲ့ တရုတ်က ကျောက်ဖြူကို လုံခြုံရေးတပ်သားတွေ စေလွှတ်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ ယူနန်ပြည်နယ်၊ ရွှေလီမြို့ လုံခြုံရေးကော်မတီကနေ TNLA ကို တိုက်ပွဲချက်ချင်းရပ်ဖို့ သတိပေးစာလည်း ပို့ခဲ့ပါတယ်။
နောက်ဆုံးဖြစ်ရပ်ကတော့ လားရှိုးမြို့ကို ပြန်ပေးဖို့ MNDAA ကို ဖိအားပေးခဲ့တာဖြစ်ပြီး တရုတ်ကိုယ်စားလှယ်ကိုယ်တိုင် အပစ်ရပ်ရေး စောင့်ကြည့်ဖို့ မြန်မာနိုင်ငံထဲမှာ ရုံးထိုင်တာပဲ ဖြစ်ပါတယ်။
တရုတ်အရေးလေ့လာသူ အမျိုးသမီးတယောက်က “ဘန်ဒေါင်းမူမှာ တနိုင်ငံနဲ့တနိုင်ငံ ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ ဆိုတဲ့အချက် ပါတယ်ဆိုပေမဲ့ ပြောရရင်တော့ လက်ရှိ တရုတ်ရဲ့ မြန်မာ့အရေး ပါဝင်မှုဟာ ပြည်တွင်းရေးမှာ ပါဝင်စွက်ဖက်မှုလို့ ပြောတဲ့နေရာမှာ တရုတ်က ပဋိပက္ခဖျန်ဖြေရေးအတွက် လမ်းကြောင်းပွင့်ဖို့နဲ့ တည်ငြိမ်ရေးအတွက် မူတည်ပြီး ကြားထဲက mediate လုပ်ပေးနေတယ်လို့ ပြောလို့ရပါမယ်။ သူ ကြားထဲက mediate လုပ်ပေးနေတဲ့ actor တွေရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ ဘယ်လိုလုပ်မလဲ ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဒီတော့ ပြည်တွင်းရေးကို တိုက်ရိုက်ဝင်ရောက် စွက်ဖက်နေတယ် ဆိုပေမဲ့ ကျမ ခုနပြောခဲ့တဲ့အတိုင်းပဲ ဘန်ဒေါင်းမူရဲ့ မူရင်းရည်ရွယ်ချက်ကို သေချာသိရင် ဘန်ဒေါင်းမူကို ချိုးဖောက်တယ်လို့တော့ ပြောဖို့ခက်ခဲပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် တရုတ်က သူ့နယ်စပ်ဒေသနဲ့ အကျိုးစီးပွားလုံခြုံရေးအတွက် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်ဆိုတာ မြင်သာပေမဲ့ ဘန်ဒေါင်းမူကို ချိုးဖောက်နေပြီလို့ စွပ်စွဲဖို့ ခက်တဲ့ အခြေအနေလို့ သူကဆိုပါတယ်။
အခုဖြစ်စဉ်တွေမှာ တရုတ်ရဲ့ ချဉ်းကပ်ဖြေရှင်းပုံနဲ့ EAOs တွေရဲ့ ချဉ်းကပ်ပုံတွေ မတူတာကို သတိထားကြည့်ဖို့လိုအပ်ကြောင်း ပညာရှင်တွေအားလုံးက ထောက်ပြကြပါတယ်။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက “နှစ်ဖက်စလုံးက သူတို့ကို တောင်းဆိုပြီးတော့ ပါဝင်ဖို့၊ ပါဝင်ဖျန်ဖြေဖို့ တောင်းဆိုလို့ သူတို့ပါဝင်ရတာပါလို့ ပြောတယ်၊ နော် ၁ အချက်။ ဒါ ကျမကြားတာ ကျမပြောတာ။ ၂ အချက်က သူတို့က ပြည်တွင်းမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ အဓိပ္ပာယ် ဘယ်လိုဖွင့်ဆိုလဲဆိုတော့ အဲဒီပြည်တွင်းမှာရှိနေတဲ့ အစိုးရကို ဖြုတ်ချပြီး နောက်အစိုးရကို တင်တာမျိုးပေါ့ဗျာ။ ကျမတို့ကြားဖူးတဲ့ တော်လှန်ရေးလိုဟာမျိုး။ အဲဒါကိုပဲ သူက ဒါ သူများပြည်တွင်းရေးမှာ ဝင်စွက်တာလို့ သဘောထားတယ်။ အဲတော့ အခုအရေးကိစ္စမှာ တရုတ်ပြည်ရဲ့ ကြည့်မြင်မှုနဲ့ ကျမတို့ ကြည့်မြင်မှုနဲ့က မတူနိုင်ဘူးဗျ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေ အပါအဝင် အမေရိကန်က ဆင်နွှဲနေတဲ့ စီးပွားရေး စစ်ပွဲကနေ လွတ်မြောက်ဖို့ အာဆီယံနဲ့ အာရှနိုင်ငံတွေ ပါဝင်တဲ့ စီးပွားရေးစင်္ကြံဖြစ်ဖို့ ကြိုးစားနေတာကြောင့် မြန်မာပြည် အေးချမ်းဖို့ကို အလိုရှိနေတာလို့ သူက ဆက်ပြောပါတယ်။
တရုတ်ရဲ့ အကျိုးစီးပွားကာကွယ်တဲ့ လုပ်ရပ်တွေဟာ မြန်မာ့တော်လှန်ရေးအတွက် အဟန့်အတားဖြစ်စေပေမဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်စေဖို့အတွက် ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြရမှာဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇောက ထောက်ပြ ပြောဆိုပါတယ်။
မစ္စမာကျားကတော့ တရုတ်ရဲ့ မြန်မာပြည်သူကောင်းကျိုး သယ်ပိုးရေး မူဝါဒက ထာဝစဉ် မပြောင်းလဲဘူးလို့ သူ့ရဲ့ဆောင်းပါးထဲမှာ ထည့်ရေးထားပါတယ်။
စိုးသူအောင်