
ယူကရိန်းလုံခြုံရေးဌာန (SBU) က တာဝေးပစ် မောင်းသူမဲ့ လေယာဉ်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်လို့ ရုရှား ကာကွယ်ရေးလုပ်ငန်း စက်ရုံ ၂ ခုကို ထိမှန်ခဲ့ပြီး မော်စကိုဒေသမှာ မီးလောင်ခဲ့ပါတယ်။
လေယာဉ်ခရီးစဉ်တွေ အကြီးအကျယ် အနှောင့်အယှက် ဖြစ်ခဲ့တယ်လို့ SBU ရဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး မေ ၇ ရက်မှာ ကိယက်ဗ် အင်ဒီပန်းဒန့် သတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်းဒရုန်းတွေဟာ ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ဌာနခွဲအားလုံးအတွက် ခဲယမ်းနဲ့ လက်နက်တွေကို အဓိကထုတ်လုပ်တဲ့ မော်စကိုဒေသ ခရက်စ်နောမျိစ်ခ်မြို့မှာရှိတဲ့ ဘာ့ဇော့ထ် စက်ရုံကို ပစ်မှတ်ထားခဲ့တာလို့ SBU က ပြောပါတယ်။
ပေါက်ကွဲမှု ၇ ကြိမ်ထက်မနည်း ဖြစ်ပြီးတဲ့နောက် အကြီးအကျယ် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာ မော်စကိုမြို့တောင်ဘက် မိုင် ၁၁၀ အကွာမှာရှိတဲ့ တူလာမြို့က စပလက်ဖ် စက်ရုံကို နောက်ထပ် တိုက်ခိုက်ခဲ့ပါတယ်။
ဒီစက်ရုံဟာ ရုရှားနိုင်ငံမှာ ပစ်လွှတ်နိုင်တဲ့ ဒုံးပျံစနစ်တွေ၊ ဆက်စပ် ကျည်ဆန်တွေကို ဒီဇိုင်းထုတ်ခြင်းနဲ့ ထုတ်လုပ်ခြင်းအတွက် တာဝန်ရှိတဲ့ တခုတည်းသောစက်ရုံလို့ သတင်းရထားပါတယ်။
ယူကရိန်းက ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်လို့ မော်စကို၊ စိန့်ပီတာစဘတ်၊ ဆိုချီနဲ့ တခြားမြို့ အများအပြားမှာ မေ ၆ ရက် ညနေပိုင်းကတည်းက လေကြောင်းခရီးစဉ် ၃၅၀ ထိခိုက်ခဲ့တယ်လို့ ရုရှားခရီးသွား အော်ပရေတာများအသင်း (Ator) က ပြောပါတယ်။
၂၄ နာရီအတွင်း ယူကရိန်း မောင်းသူမဲ့လေယာဉ် ၅၂၄ စင်း ပျက်စီးသွားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပြီး အတည်ပြုနိုင်ခဲ့ရင် စံချိန်တင်အရေအတွက် ဖြစ်ပေမဲ့ အသေအပျောက်တော့ မရှိခဲ့ပါဘူး။
ရုရှားကလည်း ယူကရိန်းမြို့တော် ကိယက်ဗ်ကို ညလုံးပေါက် တိုက်ခိုက်မှုကြောင့် မေ ၇ ရက်က လူ ၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ကလေးငယ် ၄ ယောက် အပါအဝင် လူ ၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားဒရုန်းတွေကြောင့် ကိယက်ဗ်မြို့တော်ရဲ့ ရပ်ကွက် ၃ ခုက လူနေအိမ် အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။
ရှက်ချွန်းကစ်ဗ်စကီ ခရိုင်မှာ ဒရုန်းတစင်းက ၅ ထပ် လူနေအဆောက်အအုံကို တိုက်မိပြီးနောက် လူ ၂ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့တယ်လို့ ယူကရိန်း ပြည်နယ်အရေးပေါ်ဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မေ ၆ ရက် ညပိုင်းကလည်း ယူကရိန်းနိုင်ငံတောင်ပိုင်း ဇာပိုရစ်ချ်ရှားမြို့ကို ရုရှားဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေ ပျက်စီးမီးလောင်ခဲ့ပြီး လူအများအပြားကို အပျက်အစီးတွေ အောက်ကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters