Home
နိုင်ငံတကာ
ရုရှားတောင်ပိုင်းတွင် ရဲတပ်ဖွဲ့ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
May 6, 2025
Photo: SOCIAL MEDIA / RUSSIAN INVESTIGATIVE COMMITTEE

ရုရှားနိုင်ငံတောင်ပိုင်း ဒါဂစ္စတန်ဒေသ ရဲတပ်ဖွဲ့ကို သေနတ်သမားတွေက မေ ၅ ရက်မှာ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး အနည်းဆုံး လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ယာဉ်ထိန်းရဲတွေဟာ တိုက်ခိုက်သူတွေ မောင်းနှင်လာကြတဲ့ မော်တော်ကားကို လမ်းဘေးချ ရပ်ခိုင်းနေချိန်မှာပဲ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဒါဂစ္စတန် ဒေသခေါင်းဆောင် ဆာဂျီ မဲလိကို့ဗ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒေသမြို့တော် မာခက်ချ်ကာလာမြို့မှာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ မိနစ် ၂၀ လောက်မှာ ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

သေနတ်သမား ၂ ယောက် သေဆုံးခဲ့ကြောင်း မြို့တော် အုပ်ချုပ်ရေးမှူးရုံး ပြောရေးဆိုခွင့်ရှိသူက တယ်လီဂရမ်မှာ ရေးသားခဲ့ပြီး သူတို့တွေကို နာမည်ဖော်ထုတ်ခဲ့ကာ ၂၀၀၀ ခုနှစ် မွေးဖွားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်သမားတွေ ဘယ်နှယောက်လောက် ပါလာတယ် ဆိုတာတော့ ချက်ချင်း မသိရသေးဘဲ တခြားပြစ်မှုကျူးလွန်သူတွေကတော့ မော်တော်ကားနဲ့ ထွက်ပြေးသွားကြကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

သေနတ်သမား ၂ ယောက်၊ ရဲအရာရှိ ၂ ယောက်နဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတယောက် အပါအဝင် ဒဏ်ရာရ အရပ်သား အများအပြားကို ဆေးရုံပို့ဆောင်ခဲ့ပြီး သူတို့ထဲက တယောက်ဟာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဏာပိုင်တွေက ရာဇ၀တ်မှုနဲ့ အမှုဖွင့်ထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024