
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မြူနီစီပယ်ရုံးအနီးမှာ မေ ၆ ရက် ဒီကနေ့ မနက်ပိုင်း ထိုင်းအမျိုးသားတယောက်က သေနတ်နဲ့ ရမ်းကားပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ သေနတ်သမားကို ထိုင်းစစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် နိုင်းအနုဖမ်းရိုးဖေါဝိဆု အမည်ရတဲ့ အဆိုပါ သေနတ်သမားဟာ မဲ့လမတ်မြို့ကဖြစ်ပြီး ပစ်ကပ်ထရပ်ကားတစီးကို မောင်းနှင်လာကာ ၉ မမ ရိုင်ဖယ် သေနတ်တလက်နဲ့ မနက် ၆ နာရီကျော်ကျော်လောက်မှာ ရမ်းကားပစ်ခတ်ခဲ့တာပါ။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ အချိန်အတော်ကြာ သေနတ်ပစ်ခတ်ခဲ့တာကို တွေ့ရပြီး သေနတ်သံ ၇ ချက်ထက်မနည်း ကြားရတယ်လို့ ဆိုပါတယ်။
သူဟာ စိတ်ကျန်းမာရေးမကောင်းသူတယောက်ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပြီး ပစ်ခတ်မှု ပြုလုပ်ပြီးနောက် အနီးက Shell ဓာတ်ဆီဆိုင်နားတဝိုက် ပုန်းခိုနေတာကြောင့် စစ်တပ်နဲ့ ရဲပူးပေါင်းတပ်ဖွဲ့တွေက လမ်းကြောင်းပိတ်ဆို့ပြီးတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူရဲ့ အဒေါ်ဖြစ်သူနဲ့ မိခင်ဖြစ်သူတို့က သူ့မှာ စိတ်ရောဂါဝေဒနာခံစားနေ ရတာဟာ အချိန် ၁၀ နှစ်ကျော်ရှိပြီဖြစ်ပြီး တချိန်လုံး ဆေးသောက်နေရတာဖြစ်ကာ ပြီးခဲ့ တဲ့ နှစ်ရက်သုံးရက်လောက်တုန်းကတော့ သူဟာ ဆေးလုံးဝမသောက်ဘဲ အိပ်လည်း မ အိပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် သူဟာ သေနတ်တွေကို စွဲလမ်းတဲ့ စိတ်ဝေဒနာရှင်တဦးဖြစ်သလို မဲဆောက် သေနတ်ပစ်ကလပ်အဖွဲ့ဝင်တဦးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ တက္ကသိုလ်တခုမှာ ပါရဂူဘွဲ့အတွက် ပညာသင်ကြားခဲ့သလို လက်ရှိမှာတော့ တာ ဝန်ရှိသူတွေကသူ့ဆီကနေ ၉ မမ သေနတ်တလက်၊ အိုင်ဖုန်းတလုံး၊ မဂ္ဂဇင်း ၂ စောင်၊ ခဲယမ်းတချို့တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရ အဆိုပါ သေနတ်သမားကို ဆေးရုံကို ပို့ဆောင်ထားပြီး ဒီပစ်ခတ်မှုမှာတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသူ တယောက်မှ မရှိခဲ့ဘူးလို့ ကနဦး သိရပါတယ်။
နောက်ပိုင်းမှာတော့ တာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်သူ အမျိုးသားကို မဲဆောက်ရဲစခန်းမှာ အများပြည်သူပိုင် နေရာတွေမှာ လက်နက်ကိုင်ဆောင် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ စွဲချက်တင်ခံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။