
ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလမှာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ အပစ်ရပ် သက်တမ်းထပ်တိုးကြောင်း ဒီကနေ့ မေ ၆ ရက်မှာ ထပ်ပြီး ထုတ်ပြန်လာပါတယ်။
အခုတကြိမ် ယာယီအပစ်ရပ်ကာလကိုတော့ မေ ၆ ရက်ကနေ ၃၁ ရက်အထိ ထပ်တိုးတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တနိုင်ငံလုံးရှိ ပြည်သူလူထုအား စာနာ ထောက်ထား နားလည်သောအားဖြင့်လို့ ဆိုကာ ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလအဖြစ် ဆိုပြီး စစ်ကောင်စီဘက်က စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ မေ ၅ ရက်အထိ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်ရေ ၄၇၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဲဒီပမာဏထဲက အကြိမ် ၃၆၀ ကျော်ဟာ စစ်ကောင်စီကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
DVB ရဲ့ အချက်အလက်တွေအရ အဆိုပါကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၃၃ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။