DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် အင်းလေးတွင် ကုန်စျေးနှုန်းမြင့်တက်ပြီး ပြန်လည်ထူထောင်ရေး အခက်ကြုံ
DVB
·
May 6, 2025
ငလျင်ဒဏ်သင့် အင်းလေးတွင် ကုန်စျေးနှုန်းမြင့်တက်ပြီး ပြန်လည်ထူထောင်ရေး အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသဟာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရပြီး နေအိမ်တွေ ယိုင်လဲ ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံပြည်သူတွေလည်း သေဆုံးခဲ့ရပါတယ်။

အင်းလေးဒေသမှာ သစ်၊ ဝါး၊ အမိုးအကာနဲ့ တခြားအိမ်ဆောက်ပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဒေသခံတွေဟာ ငလျင်ဒဏ်ခံရပြီး တလကျော်အထိ နေအိမ်တွေ ပြန်လည်တည့်မတ်ဖို့နဲ့ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ရှေ့ဝကြီးရွာခံတယောက်က “အခုက ငလျင်ဘေးမှာ သစ်စျေး ဝါးစျေး အမိုးအကာစျေးက အရင်ကနဲ့ မတူတော့ဘူး။ စျေးတွေ အရမ်းတက်လာတာ၊ အရင်ကဆို သစ်တတန်ကို ၁၇ သိန်း၊ ခုက ၂၅ သိန်း၊ ဝါးက အရင်က ၇,၀၀၀ ခုက ၁၅,၀၀၀၊ ထရံကာက အရင်က ၁၀,၀၀၀ ဆို ခုက ၁၅,၀၀၀၊ လက်သမားကလည်း ခေါ်လို့ အဆင်မပြေတော့ဘူး။ တအင်းလုံးအတိုင်းအတာနဲ့ ပျက်တာဆိုတော့ လက်သမားတွေက ခေါ်လို့ အဆင်မပြေတဲ့အတွက် ပြီးသင့်သလောက် မပြီးတော့ဘူး။ ခု မိုးရာသီရောက်တော့မှာဆိုတော့ လက်သမားအခက်အခဲလည်း ရှိတယ်၊ ကုန်စျေးနှုန်းကလည်း တအားတက်တော့ ဒီမှာ အင်းထဲမှာ လူတွေက ဘယ်လိုပြောမလဲ အဆင်မပြေကြဘူးပေါ့” လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်ခဲ့ပြီး တနေ့ထက်တနေ့ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ငလျင်ဒဏ်ခံရတဲ့ အင်းလေးဒေသက ဟဲယာ၊ ရေလယ်၊ ကြာတော၊ သလဲဦး၊ ဇရပ်ကြီး၊ ရှေ့ဝကြီး၊ မြောင်းဝကြီး၊ စိတ္တ၊ အင်းပေါခုံနဲ့ တခြားကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ဟဲယာရွာ ဒေသခံတယောက်က “ပြိုလဲနေ မြုပ်နေတဲ့အိမ်တွေက ဒီတိုင်းပဲ၊ လူအင်အားလည်း မရှိဘူး၊ ပစ္စည်းထားဖို့ ရေပေါ်ရွာလည်း ဖြစ်နေတယ်။ စျေးတွေက တနေ့ထက်တနေ့ တဆပြီးတဆ တက်တက်လာတယ်။ ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလိုက်ရင် စျေးနှုန်းတွေက တအားထိုးတက်သွားတယ်။ အချိန်မယူဘဲ လုပ်မယ်ဆိုတော့လည်း အဆင်မပြေပြန်ဘူး။အခက်အခဲတွေက အဲ့လိုမျိုး ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

ဒေသခံတွေက အခုလက်ရှိမှာ မိုးကာတဲထိုးပြီးနေထိုင်တာ၊ လှေပေါ်မှာ မိုးကာမိုးပြီး နေထိုင်နေကြတာတွေကြောင့် မိုးရွာလာတဲ့အခါ မိုးမလုံတာတွေ ကြုံတွေ့နေရပါတယ်။

မကြာခင်မှာလည်း မိုးရာသီရောက်တော့မှာဖြစ်လို့ မိုးမလုံတဲ့ဒဏ်တွေ၊ သောက်သုံးရေ ရှားပါးတဲ့ဒဏ်တွေ၊ ကျန်းမာရေးထိခိုက်မှုတွေ၊ ကုန်စျေးနှုန်း ထပ်မံမြင့်တက်လာမှုတွေ ကြုံတွေ့မှာကို စိုးရိမ်နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013