
ရုရှားနိုင်ငံ၊ ခရာစ်နိုဒါဒေသရှိ ဆိပ်ကမ်းမြို့ဖြစ်တဲ့ နိုဗိုရော့စ်စီးယ်စ်ခ်မြို့မှာ ယူကရိန်းရဲ့ ညလုံးပေါက် ဒရုန်းတိုက်ခိုက်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီးတော့ လူနေအိမ် အဆောက်အအုံတွေလည်း ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် အန်ဒရေးကရာဗ်ချန်ကိုက ပြောပါတယ်။
နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ဒဏ်ရာရရှိသူတွေထဲက အမျိုးသမီးတယောက်ကတော့ အခြေအနေ ဆိုးရွားပြီး ဆေးရုံတက်နေရတယ်လို့ ကရာဗ်ချန်ကို က ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် ယူကရိန်းဘက်က ချက်ချင်း မှတ်ချက်မပေးပေမဲ့ ယူကရိန်းလေတပ်ကတော့ ရုရှားဟာ ယူကရိန်းကို ဒရုန်း ၁၈၃ စင်းနဲ့ ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ ညတွင်းချင်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဒရုန်းတွေထဲက ၇၇ စင်းကို ပစ်ချခဲ့ပြီး တခြား ၇၃ စင်းမှာ ထိခိုက်မှုမရှိဘဲ ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မှာ မေ ၂ ရက် နှောင်းပိုင်း က ရုရှားဟာ ညလုံးပေါက် ဒရုန်းအစုလိုက်အပြုံလိုက် တိုက်ခိုက်ခဲ့ရာမှာ အထပ်မြင့် တိုက်ခန်း တစ်ခန်းကို ထိမှန်ခဲ့ပြီးတော့ မီးလောင်မှုဖြစ်ပွားကာ လူ ၄၆ ယောက် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ရဲ့ မြို့လယ်ခရိုင် ၄ ခုမှာ တိုက်ခိုက်မှု ၁၂ ကြိမ် ရှိခဲ့ပြီး နိုင်ငံအရှေ့မြောက်ပိုင်းနယ်စပ်မှ ကီလိုမီတာ ၃၀ အကွာကနေ ရုရှားလေကြောင်း တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် ထယ်ရယ်ခို့ဗ်က သူ့ရဲ့ တယ်လီဂရမ်မှာ ပြောထားပါတယ်။
ယူကရိန်းသမ္မတ ဇလန်စကီးက တပတ်မှာ အကြိမ်ပေါင်းများစွာ ယူကရိန်းမြို့တွေအပေါ် ဒရုန်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ယူကရိန်းရဲ့ မဟာမိတ်တွေဟာ လေကြောင်းရန် ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ကူညီရာမှာ နှေးကွေးလွန်းတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။
Source: Reuters