
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာက စာသင်ကျောင်းဝင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်တပ်ရဲ့ဒရုန်းတစီးက ဗုံးသီး ၄ လုံးလာကြဲသွားပြီး စာသင်ကျောင်း ထိခိုက်ပျက်စီးတယ်လို့ အနောက်မော်တုန်းရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စာသင်ကျောင်း ကွင်းထဲပဲ ၄ လုံးတပြိုင်တည်း လာချသွားတာပါ။ စာသင်ကျောင်းပဲ ပျက်စီးသွားတာရှိတယ်။ တခြားလူတွေလည်း မထိခိုက်ဘူး။ အဲဒီမှာ ဘယ်သူမှမနေတော့ဘူး” လို့ ပြောပါတယ်။
အဲဒီဒရုန်းဟာ အရှေ့မော်တုန်းကျေးရွာဘက်မှာ အခြေစိုက်ထားတဲ့ ၃၀၆ အမြောက်တပ်ရင်းက ဖြစ်တယ်လို့ဆိုပြီး ဗုံးသီးချတဲ့စာသင်ကျောင်းဝင်းတဝိုက်မှာ လူနေအိမ်တွေမရှိတာကြောင့် ရွာသားတွေ ထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းဟာ ထုံနွယ်ကျေးရွာမှာအရင်ပျံဝဲခဲ့ပြီးမှ တဘက်ကမ်းက အနောက်မော်တုန်းကျေးရွာကို ဗုံးသီးချသွားတာလို့ ထုံနွယ်ရွာခံတယောက်က ပြောပါတယ်။
စစ်ကောင်စီရဲ့ ၃ဝ၆ အမြောက်တပ်ရင်းကနေ အနောက်မော်တုန်းကျေးရွာထဲကို ဒရုန်းနဲ့ တိုက်ခိုက်တာအပြင် လက်နက်ကြီးတွေနဲ့လည်း မကြာခဏတိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။