
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့က အကျဉ်ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေ စကားပြောရင် မူရင်းအသံထက်နှိမ့်ပြီး ပြောဆိုရတဲ့အပြင် လူ့အခွင့်အရေးဖိနှိပ်ချိုးဖောက်ခံရတာ အများကြီးရှိနေတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး KPPA က မေ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မွေးရာပါ ပင်ကိုယ်အသံကိုအသုံးပြုပြောဆိုခွင့်မရှိဘဲ မူရင်းအသံထက်နိမ့်တဲ့အသံနဲ့ စကားပြောဆိုခိုင်းတယ်လို့ ဆိုပါတယ်။
KPPA ရဲ့ တာဝန်ရှိသူ တယောက်က “ဘယ်အချိန်ပဲပြောပြောပေါ့နော်၊ အချင်းချင်းကြားမှာဆိုရင်လည်း အသံကိုတိုးတိုးလေးပဲ ပြောရတယ်။ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ပြောတဲ့အချိန်မှာဆိုရင်လည်း အသံကို နှိမ့်ပြီးပြောရတယ်” လို့ ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ ဆေးဝါးမလုံလောက်တာ၊ သောက်ရေသုံးရေ ကန့်သတ်တာ၊ အာဟာရပြတ်လပ်တာကြောင့် အမြင်အာရုံချို့ယွင်းတာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် ခန္ဓာကိုယ်ချိနဲ့တာ၊ စိတ်ကျန်းမာရေး ချို့ယွင်းတာတွေကြုံရပြီး အကောင်းဆုံး ဟင်းအနေနဲ့ ကြက်ဥ ၁ လုံး ဒါမှမဟုတ် ငါးခြောက် ၂ ကောင်ကိုပဲ စားသုံးရတယ်လို့ KPPA က ထုတ်ပြန်ထားပါတယ်။
ဆပ်ပြာမရတဲ့အတွက် ထောင်ဝတ်စုံတွေမှာ မှိုစွဲပြီးယားနာဖြစ်တာ၊ တနှစ်ကျော်ကြာ ဖိနပ်မစီးရတာ၊ မိသားစုနဲ့ ချိတ်ဆက်ခွင့်မရတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
KPPA ရဲ့ တာဝန်ရှိသူ တယောက်က “အခွင့်အရေးချိုးဖောက်ဖိနှိပ်မှုတွေက နေရာတကာမှာ ရှိနေတယ်ဆိုပေမဲ့ အကျဉ်းထောင်မှာတော့ ဆိုးဆိုးရွားရွားရှိနေပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ အသံ၊ ပြည်သူ့အသံတွေလိုပါတယ်။ အထဲမှာက ဘယ်အကျဉ်းသားမှ ဒါက အခွင့်အရေးချိုးဖောက်တာပါ ပြောပိုင်ခွင့်မရှိဘူး။ အမူအရာနဲ့တောင် ပြပိုင်ခွင့်မရှိတဲ့အတွက် ဒီအပေါ်မှာ ဒီအာဏာရှင်တွေမကျရှုံးသရွေ့ မတရားမှုကြီးက ဆက်လက်ကြီးထွားဖို့ပဲရှိမယ်လို့ မြင်မိပါတယ်” လို့ ပြောပါတယ်။
လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင်ရှိပြီး လွတ်ရက်စေ့ပေမယ့် ပြန်လွှတ်မပေးဘဲ နောက်အမှုထပ်တပ်ပြီး ဖမ်းဆီးခံရသူတွေလည်းရှိတဲ့အပြင် မှားမှားမှန်မှန် ဖိနှိပ်ခံနေရပြီး ပြန်လည်ချေပခွင့်မရှိတာ၊ ပညာရေးဆိုင်ရာ လေ့လာသင်ယူခွင့်ကန့်သတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေလည်းရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။