
စစ်ကောင်စီ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေဈေးကွက် ( Foreign Exchange Trading Platform)က တဆင့် အမေရိကန် ဒေါ်လာ ၃၈ သန်းကို စက်သုံးဆီ လုပ်ငန်းတွေအတွက် ရောင်းချပေးမယ်လို့ ဧပြီ ၃၀ရက်က ကြေညာချက် ထပ်မံထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အဆိုပါ ဒေါ်လာ ၃၈ သန်း ထုတ်ရောင်းချပေးမယ့် နေ့ရက်ကိုတော့ အတိအကျ ဖော်ပြ ထားခြင်း မရှိပါဘူး။
ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း အရေးကြီးကုန်စည် ဖြစ်တဲ့စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာ ၂၅သန်း ရောင်းချ ပေးမယ်လို့ ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။
ဗဟိုဘဏ်ရဲ့ အခုလို လုပ်ဆောင်မှုက နိုင်ငံတွင်း လောင်စာဆီဈေးနဲ့ နိုင်ငံခြားငွေဈေးကို ထိန်းညှိဖို့အတွက် ရည်ရွယ်တာဖြစ်ပေမဲ့ ပြည်တွင်း စက်သုံးဆီ ဈေးကတော့ နှစ်ပတ်ဆက်တိုက် ပြန်မြင့်တက်နေပါတယ်။
ဗဟိုဘဏ်က ဒေါ်လာရောင်းနေပေမဲ့ ဈေးဆက်တက်နေတာက စက်သုံးဆီကဏ္ဍအတွက် စစ်ကောင်စီရဲ့ ဒေါ်လာထောက်ပံမှု မလုံလောက်တာကြောင့် ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
လက်ရှိမှာ မြန်မာကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းက ၄၄၁၀ ဝန်းကျင်ထိ ဈေးပြန်ကျနေပေမဲ့ စက်သုံးဆီဈေးကတော့ ပြီးခဲ့တဲ့ သီးတင်းပတ်ထက် တလီတာကို ၃၅ ကျပ်ကနေ ကျပ် ၈၀ အကြား ဈေးထပ်မံ မြင့်တက်လာပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်း ထုတ်ပြန်ချက်အရ အခုတပတ်မှာ ၉၂ တလီတာကို ၂,၈၈၅ ကျပ်၊ ၉၅ တလီတာ ၂,၉၄၀ ကျပ်ရှိပြီး ဒီဇယ်တလီတာကို ၂,၄၇၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၃,၀၅၅ ကျပ် အသီးသီး
ရှိနေ ပါတယ်။