DVB Logo
Home
မြန်မာသတင်း
ကျောက်သေတ္တာစေတီ မပြုပြင်သေးသဖြင့် ပြောင်းရွှေ့ဒေသခံများ စားဝတ်နေရေး အခက်ကြုံ
DVB
·
May 1, 2025
ကျောက်သေတ္တာစေတီ မပြုပြင်သေးသဖြင့် ပြောင်းရွှေ့ဒေသခံများ စားဝတ်နေရေး အခက်ကြုံ
Donate to DVB

ကျောက်ဆည်မြို့ရဲ့အထင်ကရ ကျောက်သေတ္တာစေတီတော်ကို ပြန်လည် ပြုပြင်သွားဖို့ရှိပေမဲ့ ကျောက်သားပြိုကျနိုင်တဲ့ အန္တရာယ်ကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး တိမ်းရှောင်ပေးရတဲ့ကာလ ၁ လကျော်လာတာမို့ ဒေသခံတွေ စားဝတ်နေရေး အခက်ကြုံနေကြရပါတယ်။

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ရတဲ့အထဲမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာစေတီတော်လည်း တခုအပါအဝင် ဖြစ်ပါတယ်။

ငလျင်ကြောင့် ကျောက်သေတ္တာစေတီဟာ ၃၀ ဒီဂရီလောက် တိမ်းစောင်းခဲ့ပြီး ပြိုကျနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် မိုးခွဲဖြိုချဖို့ စီစဉ်ခဲ့ပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကွန်ကရစ်လောင်းပြီး ထိန်းသိမ်းဖို့ ဧပြီ ၁၅ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

စေတီနေရာကို ဒရုန်းနဲ့ရိုက်ကူးပြီး မြေပြင်အချက်အလက်ရယူဖို့၊ တောင်အောက်က ဈေးဆိုင်တွေနဲ့ ပြည်သူတွေ အန္တရာယ်မဖြစ်အောင်လုပ်ဖို့ကိုလည်း သူကပြောခဲ့ပါတယ်။

ဧပြီ ၂၉ ရက်မှာတော့ ကျောက်ဆည်မီးသတ်၊ ဆည်းမြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဘူမိဗေဒဌာနခွဲ) က ဝန်ထမ်းတွေက အောက်ခံကျောက်သား၊ မြေသားအခြေအနေတွေနဲ့ ပတ်သက်လို့ ဘူမိ၊ ရူပဗေဒ တိုင်းတာတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က “ပြန်လည်ပြုပြင်ရမှာပေါ့နော်၊ အောက်ကနေပြန်ပြီးတော့ သူတို့ ထောက်မှာလား၊ ပိုးမှာလား၊ ဘယ်လိုလုပ်ကြမလဲတော့ မသိဘူးပေါ့နော်။ မိုင်းတွေ ဘာတွေ ခွဲဖို့ကတော့ မသေချာတော့ဘူးပေါ့။ မလုပ်တော့ဘူးလို့ ကြားပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ်လောက်တုန်းကတော့ ဘူမိသုတေသီ၊ သုတေသနပညာရှင်တွေကတော့ လာကြည့်သွားတာပေါ့နော်။ မြေတိုင်းတာလောက်တော့ လုပ်သွားတယ်ဗျ။ ကျန်တာတော့ ဘာမှ ဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူးပေါ့နော်။ အခုလောလောဆယ် ဒီတိုင်းပဲ ရှိနေသေးတယ်ဗျ” လို့ ပြောပါတယ်။

ဧပြီ ၃ ရက်နေ့ကစလို့ ကျောက်သေတ္တာတောင်ခြေပတ်ပတ်လည်မှာ ရှိကြတဲ့ နေအိမ်တွေ အပါအဝင် ရွှေမုဋ္ဌောဘုရားကနေ လေးမျက်နှာဘုရား တောင်ဘက်အခြမ်းထိ၊ မြို့မဈေးနဲ့ အ.မ.က ၃ နေရာတွေကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးဘက်က တိမ်းရှောင်ခိုင်းထားပါတယ်။

အခုလို ဖယ်ပေးရတာ ၁ လကျော်လာချိန်၊ တချို့မြို့ခံတွေက အိမ်ငှားနေထိုင်ကြသလို ယာယီတဲတွေနဲ့ နေထိုင်သူတွေလည်းရှိပြီး ဘာလုပ်ငန်းမှ လုပ်မရတာကြောင့် စားဝတ်နေရေး ကျပ်တည်းလာကြတယ်လို့ ဆိုပါတယ်။

ပြန်လည်ပြုပြင်ရေးတွေ ပြီးသွားရင်တောင် စိုးရိမ်စိတ်တွေရှိနေကြတဲ့အကြောင်း မြို့ခံအမျိုးသမီးတယောက်က ပြောပါတယ်။

“နောင်တချိန်မှာ ဒီလိုမျိုးထပ်ပြီးတော့ ငလျင်များ လှုပ်ခဲ့သည်ရှိသော် ဒီဒေါက်တိုင်တွေရဲ့အားက ဒီကျောက်တုံးရဲ့ဝိတ်ကို ခံနိုင်ရည်ရှိပါ့မလား။ အဲဒီချိန်ကျရင်ရော ဘယ်လောက်ထိများပေါ့နော်၊ အန္တရာယ်တွေ ဖြစ်လာနိုင်မလဲဆိုတဲ့ စိုးရိမ်စိတ်တွေကတော့ ရှိကြတယ်။ ရှိကြတယ်ဆိုတာ ကျမတို့ ဒီကျောက်သေတ္တာကြီးရဲ့အောက်မှာ နေနေကြရတဲ့ မိသားစုတွေအားလုံးကတော့ အဲဒီစိုးရိမ်စိတ် ရှိတယ်။ အိပ်ကောင်းခြင်း အိပ်၊ စားကောင်းခြင်းရော စားရပါ့မလားပေါ့နော် ခိုင်ခိုင်မာမာဖြစ်ခဲ့ရင် ကိစ္စမရှိဘူး။ ခိုင်ခိုင်မာမာ မဖြစ်ခဲ့ရင်တော့ တို့အိပ်နေတုန်းများ ဖြစ်သွားလေမလားပေါ့နော်။ အဲဒီလိုမျိုး စိုးရိမ်စိတ်ကလေးတွေကတော့ ရှိတယ်အစ်ကို။”

အခုချိန်ထိ ပြုပြင်ရေးလုပ်ငန်းတွေ လုပ်တာမတွေ့ရတဲ့အပြင် သတင်းကြားရတာလည်း မရှိတာကြောင့်  အချိန်ဘယ်နှလအတွင်းမှာ ဘယ်လိုပြုပြင်မယ်ဆိုတာ သိချင်နေကြတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကယ်ဆယ်ရေးစခန်းတချို့ ဖွင့်လှစ်ပေးထားပေမဲ့ နေထိုင်သူ သိပ်မရှိကြောင်းနဲ့ ယာယီ တိမ်းရှောင်နေရစဉ် စားသောက်နိုင်ရေးအတွက် အချိန်သတ်မှတ်ချက်နဲ့ ဈေးရောင်းချခွင့်ရရှိဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

ကျောက်သေတ္တာစေတီနဲ့ ပတ်သက်လို့ အခုလို စိုးရိမ်ချက်တွေရှိနေပေမဲ့ တဖက်မှာလည်း စေတီတော်ကို မိုင်းခွဲဖျက်ဆီးမှာထက် အခုလို ထိန်းသိမ်းတာကို မြို့ခံအများစုက ပိုမိုလိုလားကြတယ်လို့ သိရပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013