
ယူကရိန်းက ဝင်သိမ်းထားတဲ့ ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ပြီလို့ ရုရှားစစ်တပ်က ထုတ်ပြန်လိုက်ပြီး ယူကရိန်းဘက်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
ရုရှားစစ်ဦးစီးချုပ် ဗယ်လာရီ ဂီရာဆီမော့ဗ်ကတော့ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးရွာကို ပြန်သိမ်းနိုင်ပြီလို့ ဧပြီ ၂၆ ရက်က ထုတ်ပြန်ပါတယ်။
ဒါဟာ ယူကရိန်းက ကာ့စ်ဒေသကို ဝင်တိုက်ခဲ့ပြီး ၈ လကျော်အကြာမှာဖြစ်ပါတယ်။ ရုရှားရဲ့ တန်ပြန်ထိုးစစ်မှာ ပါဝင်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ သူရဲကောင်းဆန်မှုကိုလည်း စစ်ဦးစီးချုပ်က ချီးကျူးခဲ့ပါတယ်။
ဒါဟာ တိုက်ပွဲအတွင်းမြောက်ကိုရီးယားတပ်တွေ ပါဝင်တာကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ကာ့စ်ဒေသက ယူကရိန်းရဲ့ အားထုတ်မှုတွေ လုံးဝ ကျရှုံးသွားပြီလို့ ပြောပါတယ်။
တနင်္ဂနွေနေ့ အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာ့စ်ခ်ဒေသထဲမှာ ရှိနေတဲ့ သူ့ရဲ့ ထိပ်တန်းတပ်မှူးတွေဆီ ဖုန်းဆက်ခဲ့ပြီး "အောင်ပွဲ"အတွက်နဲ့ ရုရှားနိုင်ငံအနောက်ပိုင်းဒေသကနေ ယူကရိန်းတပ်တွေကို မောင်းထုတ်တဲ့ စစ်ဆင်ရေး ပြီးဆုံးခြင်းအတွက် ဂုဏ်ပြုတယ်လို့ ပြောခဲ့တဲ့ အကြောင်း ရုရှားသမ္မတနန်းတော် ကရင်မလင်ကို ကိုးကားပြီး ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ တပ်အင်အား ၇၀၀၀၀ လောက်နဲ့၊ ဒရုန်းတပ်တွေ၊ မြောက်ကိုရီးယား တပ်တွေပါ သုံးပြီး ရုရှားဘက်က ဒီဒေသမှာ တန်ပြန်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းဘက်ကတော့ ကာ့စ်ဒေသမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး မော်စကိုက ထုတ်ပြန်တာဟာ ဝါဒဖြန့်တဲ့လှည့်စားမှုသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ ကာ့စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသတွေမှာ ဆက်ပြီး တိုက်ပွဲဝင်နေတယ်လို့ ယူကရိန်း သမ္မတဇလန်းစကီးက ဧပြီ ၂၇ ရက် ညနေခင်း ရုပ်သံ မိန့်ခွန်းမှာ ပြောပါတယ်။
ယူကရိန်း သမ္မတက ရှေ့တန်းက ယူကရိန်း စစ်ဦးစီးချုပ် စီယာစကီဆီထံကနေ အစီရင်ခံစာတွေ အများကြီး ရှိနှင့်ပြီးသားလို့ ပြောပါတယ်။
ဇလန်းစကီးက “ကျနော်တို့ရဲ့ စစ်တပ်က ကာ့စ်ခ်နဲ့ ဘယ်လ်ဂိုရော့ဒ် ဒေသတွေထဲမှာ တာဝန် တွေကို ဆက်ထမ်းဆောင်နေပြီး ရုရှားပိုင်နက်ထဲက ကျနော်တို့ရဲ့ တည်ရှိမှုကို ထိန်းသိမ်းထားပါတယ်။ ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ဒန်ညက်စ် ဒေသထဲက ကဏ္ဍပေါင်းစုံနဲ့ အထူးသဖြင့် ကျနော်တို့ စစ်သည်တော်တွေရဲ့ ကြံ့ကြံ့ခံ့ခံနိုင်ရည်ရှိမှု ရလဒ်ကောင်းတွေ အတွက် အထူးကျေးဇူး တင်ပါတယ်။ ပေါ့ခ်ရော့ဗ်စ်ခ် လမ်းညွှန်ချက်အတိုင်း မှန်ကန်တဲ့ သံခင်းတမန်ခင်းအတွက် ဖြစ်နိုင်ခြေအားလုံးကို သေချာစေဖို့ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကို အခိုင်အခံ့ ထိန်းသိမ်းထားပါတယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက ယူကရိန်းစစ်တပ်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ရုရှားပိုင်နက်ကို ကျုးကျော်ခဲ့တာဖြစ်ပြီး ရုရှား အနောက်ပိုင်း နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်ခွာဖို့ ရုရှားတပ်တွေက လပေါင်းများစွာ ဖိအားပေးနေခဲ့ ရပါတယ်။
Source : Reuters