
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့က ဖိလစ်ပိုင် လာပူလာပူ ပွဲတော်မှာ လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်လို့ သေဆုံးသူ အနည်းဆုံး ၁၁ ယောက်ရှိပြီး ဒါဇင်ချီဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတချို့ဟာ စိုးရိမ်ရတဲ့အတွက် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဗန်ကူးဗားယာယီရဲမှူး စတိဗ်ရိုင်က ပြောပါတယ်။
ကျူးလွန်သူဟာ အသက် ၃၀ အရွယ် စိတ်ကျန်းမာရေးပြဿနာ မှတ်တမ်းရှိတဲ့ ဗန်ကူးဗားမြို့ခံ ကိုင်ဂျီအဒမ်လိုဖြစ်ပြီး အကြမ်းဖက်မှုလို့ သတ်မှတ်စရာအထောက်အထားတော့ မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ကနေဒါရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်အလို စနေနေ့ ညပိုင်းမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ကျူးလွန်သူကို ရည်ရွယ်ချက်ရှိရှိသေစေရန်ကြံရွယ်တဲ့ ဒုတိယ ဒီဂရီ လူသတ်မှု ၈ မှုနဲ့ အမှုဖွင့်ထား ပါတယ်။
ကျူးလွန်သူကိုတော့ ရဲတွေမရောက်လာခင်ကတည်းက ပွဲတော်လာပြည်သူတွေက လိုက်လံ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ ဆန်းဆက်စ်ရပ်ကွက်ဟာ အာရှနွယ်ဖွား အများစုနေထိုင်တဲ့နေရာ ဖြစ်ပါတယ်။ စပိန်တပ်တွေကို တွန်းလှန်နိုင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသား သူရဲကောင်း လာပူလာပူကို ဂုဏ်ပြုတဲ့ ပွဲတော်ကျင်းပနေခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုပွဲတော် ကျင်းပနေချိန်မှာ အနက်ရောင် Audi SUV ကားဟာ လူအုပ်ထဲကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာလို့ မျက်မြင်ကြုံရသူတယောက်က ပြောပါတယ်။
ကနေဒါနိုင်ငံမှာ ဒီလိုမျိုး အရပ်သား အမြောက်အမြားသေဆုံးစေတဲ့ တိုက်ခိုက်မှုမျိုးက အင်မတန်ရှားပါးပါတယ်။
၂၀၂၁ တုန်းကတော့ မွတ်စလင်မိသားစု တစုကို လူတယောက်က ပစ်ကပ်ကားနဲ့ တိုက်သတ်ခဲ့တဲ့အတွက် ၄ ယောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၈ တုန်းကတော့ လူတယောက်က တိုရွန်တိုမြို့မှာ ပလက်ဖောင်းပေါ်က လူအုပ်ထဲ ဗင်ကားနဲ့ ဝင်တိုက်ခဲ့တာကြောင့် ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။
Source: Reuters