
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ကျေးရွာက လူနေအိမ်တွေထဲ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာထဲက ပြန်ဆုတ်ခွာသွားချိန်မှာ ပြည်သူပိုင် အိမ်သုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းသယ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဧပြီ ၂၅ ရက် မနက်ပိုင်းက ဘန်းလမွတ်ကျေးရွာမှ ပြန်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ ကျန်ခဲ့တဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကိုပါ စစ်ကြောင်းနဲ့အတူ ယူဆောင်သွားတယ်လို့ ဘန်းလမွတ်ကျေးရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်ဘေးရှောင်နေရတာဆိုတော့ အဲဒီပစ္စည်းတွေ အကုန် လိုက်သယ်ဆောင်နေလို့ အဆင်မပြေဘူးလေ။ ဒါကြောင့် ပါရင်လည်း ပါသွားပါစေ ကံပဲဆိုပြီး ထားထားတာ။ အဒေါ်ရဲ့ အိမ်မှာဆို မှန်တွေ အကုန်ရိုက်ခွဲတယ်။ အိမ်တွေ တော်တော်များများတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ မရှိကြတော့ဘူး။ ဖုန်းတော့ ဘယ်သူမှ ယူဆောင်မရဲလို့ ဓာတ်ပုံမရိုက်လိုက်ရဘူး။"
ရေခဲသေတ္တာ၊ တီဗွီ စသဖြင့် တန်ဖိုးကြီး အိမ်သုံးပစ္စည်းတွေ ယူဆောင်သွားတာဖြစ်ပြီး နေအိမ်တံခါး၊ မှန်ချပ်တွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၁၉ ရက်နေ့ မနက်က ဘန်းလမွတ်၊ ရမ်းဖို စတဲ့ကျေးရွာတွေထဲမှာ တပ်စွဲလိုက်ပြီး အရပ်သားပြည်သူအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်နေထိုင်ကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
စစ်ကြောင်းရှိနေစဉ်တလျှောက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ တောဗုံးကြီးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။