
စစ်အာဏာရှင်တပ်က လက်လွှတ်ခဲ့ရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာကို ပြန်လည်ဝင်ရောက် နေရာယူရာမှာ မိုင်းပေါက်ကွဲမှုကြောင့် စစ်သား ၄ ယောက် သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက စစ်တပ်က စတင်လက်လွှတ်ခဲ့ရတဲ့ ပန်းတောကြီးကျေးရွာကို ဇွန် ၂၀ ရက်ကစတင်ပြီး စစ်သည်အင်အားအများအပြား ရောက်ရှိနေရာယူကာ တပ်စွဲပြီး စစ်ကြောင်းထိုးစဉ် မိုင်းပေါက်ကွဲမှုကြောင့် စစ်အာဏာရှင်တပ်သား ၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က “ပန်းတောကြီးမှာ တပ်စွဲထားတယ်။ နယ်မြေရှင်းလင်းတယ် ဆိုပြီး ရောက်နေတဲ့တပ်က တပ်သားတွေ သေကုန်တာ။ ဒဏ်ရာရသူတွေလည်း မနည်းဘူး။ ပန်းတောကြီးမှာ တော်လှန်ရေးတပ်တွေ တပ်စွဲတာ မရှိဘူး။ ကင်းလှည့် အဝင်အထွက်ပဲ လုပ်တာ။ စစ်အာဏာရှင်တပ်က မြေပြင်အခြေအနေကို စုံစမ်းပြီး နေရာဝင်ယူတာ” လို့ ပြောပါတယ်။
ပန်းတောကြီးကျေးရွာမှာ စစ်အာဏာရှင်တပ်က ပြန်လည်ဝင်ရောက် တပ်စွဲနေတဲ့အပြင် စစ်ကားအများအပြားနဲ့ အင်အားဖြည့်တင်းနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှု ပိုမိုပြင်းထန်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “တော်လှန်ရေးတပ်တွေက ပန်းတောကြီးနဲ့ ပတ်ဝန်းကျင်မှာ နယ်မြေစိုးမိုးထားပေမဲ့ ပန်းတောကြီးရွာထဲမှာ တပ်စွဲထားတာမရှိဘူး။ အရင်ကတည်းက မရှိဘူး။ အခုစစ်တပ်က ရောက်နေတယ်။ ရွာထဲမှာ အရပ်သားတွေလည်း ရှိတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေဟာ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ဆီဆုံကုန်း၊ ရေဖြူ၊ စက်စက်ယို၊ ကျောက်စရစ်ကုန်း စတဲ့ကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
စစ်တပ်က မြေပြင်အင်အား ဖြည့်တင်းနေတဲ့အပြင် လေကြောင်းနဲ့ပါ ဗုံးကြဲချနေလို့ အရပ်သားနေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










