
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စိုးမိုးနယ်မြေမှာ နေထိုင်ကြတဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီထံလက်နက်ချသွားတဲ့သူ တချို့ကို စစ်ကောင်စီတပ်က နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ကာ ငွေကြေးအမြောက်အမြား တောင်းခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မတ္တရာ ဒေသခံရွာသားတယောက်က “မတ္တရာအရှေ့ခြမ်း၊ အနောက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ စိုးမိုး ထားတဲ့ ဒေသခံတွေရော၊ တော်လှန်ဘက်ကနေ စကစဘက်ဝင်ရောက်သွားသူတွေကိုပါ ဖမ်းဆီး ရိုက်နှက်ပြီး စစ်ကြောရေး ပို့ဆောင်မယ်လို့ အကြောင်းပြ ခြိမ်းခြောက်တယ်။ အဲဒီလို ခြိမ်းခြောက်ပြီး လူတယောက်ကို ငွေကျပ်သိန်းရာနဲ့ချီ မတရားတောင်းခံနေတယ်” လို့ ပြောပါတယ်။
ခြိမ်းခြောက် ငွေတောင်းခံမှုကို တကြိမ်တင်မဟုတ်ဘဲ အကြိမ်ကြိမ်ဆင့်ခေါ်ကာ မတရား တောင်းခံ တာလို့လည်း အဆိုပါရွာသားက ဆက်လက် ပြောပါတယ်။
မိတ္တရာမြို့နယ် PDF အဖွဲ့မှ ကိုဒေါင်းက “မတ္တရာမြို့နယ်အတွင်းရှိကျေးရွာတွေမှာ စစ်သားအသစ် စုဆောင်းတာကို အကြမ်းဖက်စကစဘက်က လက်တွေ့ကျကျပြုလုပ်လာပါတယ်။ ၄ လပိုင်း အတွက် စစ်သားအသစ် ၁၅,၀၀ နှုန်းမဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်ပြီး ရွာသေးရင် ၄ ယောက်နှုန်း ၅ ယောက်နှုန်း၊ အထူးသဖြင့်ဆိပ်သာကျေးရွာတဝိုက်တွေတော့ ၁၀ ယောက်နှုန်းတောင်းထားတယ်။ ကျေးရွာထဲက လူငယ်တွေ ထွက်ပြေးမှာစိုးလို့ အင်းကုန်းကျေးရွာ အပါဝင်ရွာတိုင်းလိုလို စကစ အင်အား လေးငါးယောက်နှုန်းလောက်နဲ့အထိုင်ချထားတယ်။ မတ္တရာမြို့နယ်တခုထဲတင် တလကို ရန်သူအင်အား ၁၅,၀၀ အထိစုဆောင်းနေတယ်”လို့ ပြောပါတယ်။
မတ် ၂၈ ရက်ကလည်း မတ္တရာမြို့နယ် တောင်ခြမ်းရှိ ဝသုန္ဒရကျေးရွာမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အတွက် အဓမ္မ မဲနှိုက်ခိုင်းခဲ့ ပါတယ်။
လက်ရှိ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ ငွေညှစ်မှုနဲ့ စစ်မှုထမ်းဖို့ တွန်းအား ပေးမှုတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေပါတယ်။








