တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ယမုံရွာမှာ တရုတ်ပိုင် ရွှေပင်လယ်ကုမ္ပဏီမန်နေဂျာက ခဲမိုင်း တူးဖော်ဖို့အတွက် တအိမ်ကို ကျပ်ငွေ ၅ သိန်းစီပေးပြီး ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “တရုတ်တွေက ရွှေပင်လယ်ကုမ္ပဏီရဲ့ မန်နေဂျာ ဦးသန်းထိုက်ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတာ။ ဦးသန်းထိုက်က ယမုံရွာအဖျားနားမှာရှိတဲ့ အိမ်ခြေ ၂၀ ကို လွန်ခဲ့တဲ့ တပတ်ကစပြီး ဖြိုခိုင်း ပြောင်းခိုင်းနေတယ်။ တအိမ်ကို ၅ သိန်းပေးတယ်”လို့ ပြောပါတယ်။
ရွှေပင်လယ်ကုမ္ပဏီက အခုလို လူနေအိမ်တွေကို ရွှေ့ပြောင်းခိုင်းပြီး ခဲမိုင်းလုပ်ဖို့အတွက် စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ဒေသခံနောက်တယောက်က “လကုန် အပြီးရွှေ့ခိုင်းထားတယ်။ မရွှေ့ရင် ဘက်ဖိုးနဲ့ လာကုပ်မယ် ခြိမ်းခြောက်သွားတယ်။ ခဲလုပ်ကွက်အတွက် ရွာကိုတောင် ရွှေ့ပေးရမှာလား” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျွန်းစုမြို့နယ်၊ ယမုံရွာမှာ ခဲသတ္တုမိုင်းပေါင်း ၃၂၀ ကျော်ရှိပြီး ဒီနှစ်မှာတော့ ခဲရှားပါးလာတာကြောင့် ခဲသတ္တုမိုင်းပေါင်း ၁၅၀ လောက်ပဲ ရှိတော့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။