Home
နိုင်ငံတကာ
ဓားစာခံများ လွှတ်မပေးပါက ဂါဇာတွင် ပိုကြီးသည့်စစ်ဆင်ရေး လုပ်မည်ဟု အစ္စရေး သတိပေး
DVB
·
April 26, 2025
Photo :Reuters

ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ကျန်ရှိ ဓားစာခံတွေကို မလွှတ်ပေးဘူးဆိုရင် ဂါဇာကို ပိုကြီးမား ပြင်းထန်တဲ့ တိုက်ခိုက်မှု လုပ်ရလိမ့်မယ်လို့ အစ္စရေးစစ်တပ်က ဧပြီ ၂၄ ရက်မှာ သတိပေးလိုက်ပြီး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ပွဲဒဏ်ခံနေရတဲ့ နယ်မြေအတွင်း လူ ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုင်းယားလ် ဇမီးယာဟာ ကြာသပတေးနေ့မှာ ဂါဇာရှိ တပ်ဖွဲ့တွေဆီ သွားရောက်ခဲ့ပြီး တကယ်လို့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို မကြာခင်မှာ လွှတ်မပေးဘူးဆိုရင် ဂါဇာမှာ ထိုးစစ်ကို တိုးချဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်တွေအပေါ် စစ်ရေးအရ ဖိအားပေးမှုတွေ ဆက်လုပ်ဆောင်သွားမှာဖြစ်ပြီး လိုအပ်လာရင် ဟားမတ်စ်အဖွဲ့အပေါ် ထိန်းချုပ်မှုကို အားကောင်းကောင်း လုပ်ဆောင်မယ်လို့လည်း သူကဆိုပါတယ်။

ဟားမတ်စ်တို့ ဦးစီးတဲ့ ဂါဇာနယ်မြေကို ခေတ္တ သက်သာရာရစေခဲ့တဲ့ ၂ လကြာ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီးနောက် မတ် ၁၈ ရက်မှာ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ကြာသပတေးနေ့က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာရှိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင် မြောက်ပိုင်းရှိ တိုက်ခန်းတခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ကလေးတယောက် အပါအဝင် လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတခုမှာ အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းရှိ ဂျဘာလီယာနယ်မြေရှိ ရဲစခန်းတခုကို တိုက်ခိုက်ခဲ့ရာ လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ စစ်ရေးစစ်ဆင်ရေးတွေ ပြန်လည်စတင်ချိန်ကတည်းက ဂါဇာမှာ ပါလက်စတိုင်း ၁,၉၇၈ ယောက် သေဆုံးခဲ့ပြီး စစ်ပွဲ စတင်ချိန်ကစပြီး စုစုပေါင်း သေဆုံးသူ ၅၁,၃၅၅ ယောက်အထိ တိုးလာခဲ့ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024