
ကက်ရှ်မီးယားမှာ ခရီးသွားတွေ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ စွပ်စွဲချက်တွေကို ပါကစ္စတန်နိုင်ငံကလည်း တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသားတွေကို ဗီဇာပိတ်ပင်တာ၊ သံတမန်တွေကို နှင်ထုတ်တာ၊ အိန္ဒိယ လေကြောင်းလိုင်းတွေ ပါကစ္စတန်လေပိုင်နက်ကို ဖြတ်ခွင့် မရှိတာတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ခရီးသွား ၂၆ ယောက် သေဆုံးခဲ့တာပါ။
ခရီးသွားတွေ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အိန္ဒိယရဲတပ်ဖွဲ့က သံသယရှိသူ သေနတ်သမား ၃ ယောက်ရဲ့ အမည်ကို ထုတ်ဖော်ခဲ့ပြီး ၂ ယောက်က ပါကစ္စတန်နိုင်ငံသားဖြစ်ကာ တယောက်က ကက်ရှ်မီးယားဒေသခံ ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို ပါကစ္စတန်နိုင်ငံက ငြင်းဆိုထားပါတယ်။
ရဲတပ်ဖွဲ့က ပြောကြားချက်အရ သံသယရှိသူ ၃ ယောက်ဟာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့က အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီစွပ်စွဲချက်တွေကို ပါကစ္စတန်အမျိုးသားလုံခြုံရေးကော်မတီက ပြင်းပြင်းထန်ထန် တုံ့ပြန် ဝေဖန်ထားပါတယ်။
ဒီစွပ်စွဲချက်မှာ တိကျတဲ့ စုံစမ်းမှုနဲ့ အထောက်အထား အတိအကျမရှိဘူးလို့ ဆိုပါတယ်။
“အိန္ဒိယနိုင်ငံဟာ ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ဘယ်သူတွေလုပ်တာလဲ သိအောင်လုပ်မှာပါ။ အကြမ်းဖက်သမားတိုင်းကို အပြစ်ပေးမှာဖြစ်ပြီး သူတို့ရဲ့ ထောက်ခံသူတွေကို ကမ္ဘာအဆုံးထိ လိုက်ဖမ်းမှာပါ” လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
ဒီအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကက်ရှ်မီးယားမှာ လူပေါင်း ၁,၅၀၀ လောက် စစ်ဆေးမေးမြန်းမှုတွေ ပြလုပ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံသားတွေကို ဗီဇာပိတ်ပင်မှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ပြီး ပါကစ္စတန်ကလည်း နှစ် ၆၀ ကျော်က သဘောတူထားတဲ့ အင်ဒပ်ရေခွဲဝေရေး သဘောတူညီချက် ရပ်ဆိုင်းရေးကိုလည်း ပါကစ္စတန်နိုင်ငံက ပယ်ချခဲ့ပါတယ်။
ပါကစ္စတန်က အိန္ဒိယပိုင် လေကြောင်းလိုင်းတွေကို ပိတ်ပင်ထားပြီး အိန္ဒိယနဲ့ ကုန်သွယ်မှုတွေ အားလုံးကိုလည်း ရပ်ဆိုင်းထားပါတယ်။
Source : Reuters