
အိန္ဒိယနိုင်ငံရဲ့ ဂျမ်မူးနဲ့ ကက်ရှ်မီးယားနယ်မြေရှိ ပါဟာ့လ်ဂမ်မြို့မှာ စစ်သွေးကြွလို့ သံသယရှိသူတွေက ကမ္ဘာလှည့်ခရီးသွားတွေကို ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၃ ခုက ပြောကြားခဲ့ပြီး နှစ်ပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ ဟီမာလယန် (ဟိမဝန္တာ) ဒေသမှာ အရပ်သားတွေကို အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ဘာလူမျိုးတွေ ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။ ဒဏ်ရာရသူတွေကို ဒေသဆိုင်ရာ ဆေးရုံကို ပို့ဆောင်ထားကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။
“ဒီရက်စက်ယုတ်မာတဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်က သူတွေကို တရားစီရင်ရမှာဖြစ်ပြီး သူတို့ကို လွတ်မြောက်ခွင့်ပြုမှာ မဟုတ်ဘူး” လို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒြာ မိုဒီက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သူတို့ရဲ့ မကောင်းဆိုးရွား အစီအစဉ်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ကြောင်းနဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်က မယိမ်းမယိုင်နဲ့ ပိုပြီးတောင် အားကောင်းလာမှာပါ လို့လည်း ဆိုပါတယ်။
အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အာမစ်ရှားက သူဟာ လုံခြုံရေးအစည်းအဝေး ကျင်းပဖို့ ကက်ရှ်မီးယားကို အပြေးအလွှား သွားနေကြောင်း ပြောကြားခဲ့ပါတယ်။
“ကက်ရှ်မီးယား တော်လှန်ရေးတပ်” အမည်ရှိ လူသိနည်းတဲ့ စစ်သွေးကြွအဖွဲ့တဖွဲ့က အဲဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ဆိုရှယ်မီဒီယာ မက်ဆေ့ချ်မှာ ပြောကြားထားပြီး သူတို့ဟာ ဒေသတွင်း ပြင်ပလူ ၈၅,၀၀၀ ကျော် အခြေချနေထိုင်ခဲ့ကြတာကို မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့ကာ လူဦးရေပြောင်းလဲမှု ကို လှုံ့ဆော်ပေးလိုက်တာလို့ ဆိုပါတယ်။
“အကျိုးဆက်အနေနဲ့ အကြမ်းဖက်မှုတွေဟာ တရားမ၀င် အခြေချနေထိုင်ဖို့ ကြိုးပမ်းသူတွေဆီ ဦးတည်သွားမှာပါ” လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ လမ်းဘေး မြက်ခင်းပြင်မှာ ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ ၂ ယောက် သို့မဟုတ် ၃ ယောက် ပါဝင်ခဲ့ကြောင်း အမည်မသိ အကြီးတန်း ရဲအရာရှိယောက်ကို ကိုးကားပြီး Indian Express သတင်းစာက ဖော်ပြခဲ့ပါတယ်။
Source : Reuters