DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် စစ်ကောင်စီဗိုလ်မှူး ကံမပြည်သူများထံမှ အဓမ္မ ငွေကောက်ခံခဲ့ဟုဆို 
DVB
·
April 22, 2025
ဖမ်းဆီးခံရသည့် စစ်ကောင်စီဗိုလ်မှူး ကံမပြည်သူများထံမှ အဓမ္မ ငွေကောက်ခံခဲ့ဟုဆို 
Donate to DVB

နေပြည်တော်လမ်းပိုင်းမှာ ဧပြီ ၁၉ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရပြီး  သေဆုံးသွားတဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့အတူ သိမ်းဆည်းရမိခဲ့တဲ့ ငွေကျပ် သိန်း ၂,၀၀၀ ဟာ ကံမပြည်သူတွေဆီက မတရားကောက်ယူထားတဲ့ငွေတွေ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံက ဗိုလ်မှူးဖြိုးမင်းကျော်၊ အမှတ် ၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၃ တပ်ခွဲက တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့ကို ငွေကျပ်သိန်း ၂,၀၀၀ ကျော်နဲ့အတူ  ဧပြီ ၁၉ ရက်က နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA ပြည်သူ့တော်လှန်ရေးအင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးမိခဲ့တာပါ။

အဆိုပါ သိမ်းဆည်းရမိတဲ့ ငွေတွေဟာ ကံမမြို့နယ်ထဲက ပြည်သူတွေထံက အဓမ္မကောက်ခံထားတဲ့ငွေတွေ ဖြစ်တယ်လို့ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“ဒီဗိုလ်မှူးက သရက်ခရိုင်၊ ကံမမြို့နယ်မှာ အသကုန် စီးပွားဖြစ်နေတာ။ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူး ဖြိုးမင်းကျော်ပဲ၊ တလျှောက်လုံးက ကပစ စက်ရုံမှာပဲ နေခဲ့ရတာ။ အခု မအလ လက်ထက်မှာ အရပ်ဘက်တွေပါ လာပြီးကိုင်ရတော့ ရသလောက် ရှာမယ်ဆိုပြီး ရှာလိုက်တာ။ မုဆိုးမအိမ်နဲ့ သူတောင်းစားအိမ်ပါ မချန်ဘူးဆိုပြီး နာမည်ကြီးနေတာ။ ကံမ တမြို့နယ်လုံးကို တပတ် ၂ ရွာနှုန်းနဲ့ တရား၀င်ပုံစံ လောင်းကစား၀ိုင်းတွေ လုပ်ခိုင်းထားပြီး အထက်ကိုတော့ ကံမဘက်က ရွာတွေမှာ အုပ်ကြီး လုပ်မယ့်သူတွေ မရှိတော့လို့ တမင် အုပ်ကြီးတွေ အလုပ်မထွက်အောင် လုပ်စားခွင့်လေး ပေးထားတာဆိုပြီး အဲဒီ အပတ်စဥ် လိုင်းကြေးတွေ ရနေတာ။ ကံမ တမြို့နယ်လုံးမှာ စစ်မှုထမ်းကြေး အပတ်စဥ်ပေးနေရတာတွေလည်း သူပဲ ကိုင်ထားတာ။ လိုင်းကြေးက အနည်းဆုံး ၁ သိန်းကနေ ၁၀ သိန်းလောက်အထိကို ပေးနေရတာ။ နောက်ပြီး ကံမမှာ မူးယစ်ဆေးဝါး အကြီးအကျယ် ဖြန့်နေတာတွေရဲ့ လိုင်းကြေးတွေ၊ သစ်သမားတွေထံက လစဥ်ရနေတဲ့ လိုင်းကြေး၊ နောက် စစ်မှုထမ်းအဖြစ်ပါလာပြီး မလိုက်ချင်ရင် သူ့ကို သိန်း ၅၀ လောက်အထိ ပေးရင် ပြန်လွှတ်ပေးတာ။ တော်တော်လေးကို စီးပွားဖြစ်နေတာ။ အခုလည်း မြို့နယ်ထွေအုပ်ရုံးမှာ ပြောနေကြတာက နေပြည်တော်ကို စစ်မှုထမ်းသွားပို့ရင်း၊ စစ်မှုထမ်းကြေးနဲ့ လောင်းကစားလိုင်းကြေး သွားပေးတာ။ အဲဒီငွေတွေက ကံမမြို့နယ်ထဲက ပြည်သူတွေထံက အဓမ္မကောက်ခံထားတဲ့ငွေတွေ၊ အဲ့လို သူသွားမှာကိုသိလို့ သူတို့အထဲကပဲ ဖရဲသီးက သတင်းပေးလိုက်တာလို့ ပြောနေကြတယ်။ ဘာလို့လဲဆိုရင် သူက သူ့အတွက်ပဲ ကြည့်တယ်၊ တခြားသူကို ခွဲမပေးဘူး။ ဒါကြောင့် သူ့ကို ထွေအုပ်တွေကကော၊ ရဲဘက်ကကော မကြည်ကြဘူး။ ဒါကြောင့် တမင်သတင်းပေးလိုက်တာလို့ ပြောဆိုနေကြတယ်။”

‌ဗိုလ်မှူးဖြိုးမင်းကျော်ဟာ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ၂၀၂၃ နို၀င်ဘာ လကုန်ပိုင်းမှာ ကံမမြို့နယ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၁ အဖြစ် တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။

ကံမရဲတပ်ဖွဲ့မှ ထွက်ပြေးလာသူတယောက်က “ဒီဗိုလ်မှူးက စစ်မှုထမ်းအတွက် ရွာဘက်တွေကို ပေါ်တာ မကြာခဏ ဆင်းဆွဲရင် သူပါ လိုက်ပါလာတတ်ပြီး ငွေညှိရင် ရဲတွေက မပြောရဘူး၊ သူကပဲ အတင်း၀င်ပြောပြီး အတင်းတောင်းတော့တာ။ ရွာက အုပ်ကြီးတွေက ဝင်ပြောရင်လည်း အဲဒီအုပ်ကြီးကိုပါ ပြဿနာရှာတာ။ တချို့ဆို သား​တွေမတွေ့လို့ ဆိုပြီး မအေတွေ ဖအေတွေ အတင်းဖမ်းခိုင်းတာ။ အဲဒီ အဘိုးကြီး အဘွားကြီးတွေကို ငွေထွက်မလာရင် ဘာမှမကျွေးခိုင်းဘူး။ တခါကဆိုရင် ပုထိုး မင်းပြင် မော်တော်ဆိပ်မှာ သူတို့အဖွဲ့ရှိနေတာကို မသိလို့ မောင်းပြေးလို့ ဆိုပြီး မော်တော်သမားကိုခေါ်ပြီး ထုတာ၊ မော်တော်သမားတွေ တော်တော်လေးခံလိုက်ရတယ်။ နောက်မှ အတင်းတောင်းပန်ပြီး ငွေပုံပေးမှ အဲဒီမော်တော်သမားတွေ ပြန်လွှတ်ပေးတယ်။ အရမ်းဆိုးတယ်” လို့ ပြောပါတယ်။ဗိုလ်မှူးဖြိုးမင်းကျော် အပါအဝင် ၃ ယောက်ကို ဖမ်းဆီးမိပြီး ပြန်လည်ဆုတ်ခွာလာစဉ် စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်လို့ စစ်သုံ့ပန်း ၃ ယောက်စလုံး သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013