Home
ဆောင်းပါး
လေတပ်သားများ ကြောက်နေကြတုန်းလား
DVB
·
April 22, 2025

ခေါင်းစဉ်ကြည့်ပြီး အများက ရယ်သွမ်းသွေးကြမည်မှာ ဧကန်။ လေတပ်ဆိုသည်မှာ အပေါ်စီးက တိုက်ခိုက်ရသည့်တပ်။ တဖက်အဖွဲ့အစည်းများတွင် လေယာဉ်ပစ်လက်နက် မရှိသေးသည့် မြန်မာနိုင်ငံလို ဒေသမျိုးတွင် လေတပ် တပ်ဖွဲ့ဝင်များသည် မည်သူ့ကို ကြောက်နေရန် လိုမည်နည်း။ အပေါ်စီးကနေ စိတ်ရှိတိုင်း ဗုံးကြဲသတ်ဖြတ်နိုင်နေသည် မဟုတ်လော။ ထိုသို့ ပြန်လှန်မေးကြပေလိမ့်မည်။

မှန်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများတွင် တိုက်လေယာဉ်များကို တုံ့ပြန်ပစ်ခတ်နိုင်သည့် အခြေအနေ မရှိသေးမီ လေတပ်သည် အပေါ်စီးမှနေ၍ ထင်တိုင်းကြဲနိုင်စွမ်း ရှိနေသည်မှာ မှန်၏။ မြေပြင်မှာရှိနေသည့် မည်သည့်ရန်သူကိုမျှ ကြောက်နေရန်မလိုပေ။ သို့သော် အာသဝေါ မကုန်ခန်းသေးသည့် ပုထုဇဉ်လူသားမှန်သမျှသည် အကြောက်တရားနှင့် မကင်း။ လေတပ် တပ်ဖွဲ့ဝင်များတွင်လည်း အကြောက်တရား ရှိနေသည်မှာ မလွဲဧကန်။ တိုက်လေယာဉ်မောင်း၍ တိုက်ခိုက် ဗုံးကြဲရသည့် လေသူရဲများမှသည် လေယာဉ်အတက်အဆင်း အချက်ပြရသည့် မြေပြင်ရှိ လေတပ်သားများအဆုံး ၎င်းတို့၏ အတွင်းအဇ္ဈတ္တကို လှစ်ဟကြည့်ပါက အကြောက်တရားကို တွေ့မြင်ရမည်သာ။

လေတပ်သားများသည် မြေပြင်ရှိ တော်လှန်ရေးအဖွဲ့များကို ကြောက်ခြင်း မဟုတ်။ ၎င်းတို့၏ အကြောက်တရားကို ခွဲခြမ်းကြည့်ပါက စစ်ဗိုလ်ချုပ်ကြီးများက စေခိုင်းမှုများကို ငြင်းပယ်ရန် ကြောက်ခြင်းနှင့် မိမိရာထူးနှင့် မိသားစုဘဝ ပျက်ပြားရမည်ကို ကြောက်ခြင်းဟူ၍ မသိစိတ်အတွင်း ကိန်းအောင်းနေသည့် ကြောက်စိတ်နှစ်ပါးကို တွေ့ရမည်ပင်။ ထိုကြောက်စိတ်နှစ်ပါးသည် တပါးနှင့်တပါး ချိတ်ဆက် အမှီသဟဲပြုနေ၏။ အရှင်းဆုံးသာဓက ထိုးပြရလျှင် အဟိံသက၏ ကြောက်ခြင်းမျိုး။

အဟိံသက

အဟိံသက ဆိုသည်မှာ အများက အင်္ဂုလိမာလဟု သိထားကြသည့် လူဖမ်း လက်ဖြတ်သည့် လူကြမ်းကြီး။ ဤသို့သော လူကြမ်းကြီး၌ အကြောက်တရား ရှိပါ၏လော။

ရှိပါ၏။ အကြောက်တရားကြောင့်ပင် အင်္ဂုလိမာလဟု အမည်တွင်ခဲ့သော အဟိံသကသည် လူဖမ်း လက်ဖြတ်သည့် လူကြမ်း သူသတ်သမားကြီးအဖြစ်သို့ ရောက်ရ၏။ ဂေါတမဗုဒ္ဓသာ အချိန်မီ မချေချွတ်ခဲ့လျှင် မိခင်ရင်းကိုပင် သတ်ဖြတ်မည့်သူ ဖြစ်၏။ အဟိံသက၏ ကြောက်ခြင်းကား အခြား မဟုတ်။ ဆရာ့စကားကို ပယ်ရှားရမည်ကို ကြောက်ခြင်းတည်း။

အကယ်စင်စစ် အင်္ဂုလိမာလဇာတ်သည် မျက်မှောက်ခေတ်ရှိ စစ်ခေါင်းဆောင်နှင့် နောက်လိုက်စစ်သားတို့၏ အဖြစ်နှင့်လည်း အသွင်တူလှ၏။ အဟိံသကသည် ထိုခေတ်ကာလက ယောက်ျားကောင်းတို့ တပ်အပ်သော အဋ္ဌာရဿဆယ့်ရှစ်ရပ်သော ပညာတို့ကို တပ်လိုလှ၍ ဒိသာပါမောက္ခ ဆရာကြီးထံ ချဉ်းကပ်၍ ပညာသင်ခွင့်တောင်း၏။ ဖခင်မဲ့၍ ပစ္စည်းဥစ္စာ နုံချာသူ ဖြစ်သဖြင့် အခြား မင်းညီမင်းသား သူဌေးသူကြွယ်သားများကဲ့သို့ ပညာသင်ကြေး မပူဇော်နိုင်။ ဒိသာပါမောက္ခ၏ အိမ်အလုပ်တို့ကို ကြုံးရုန်း လုပ်ပေးကာ ပညာသင်ယူရ၏။

သို့သော် အဟိံသကကား ထူးချွန်သည့်ကျောင်းသား။ ထူးချွန်သည့် ကျောင်းသားတို့၏ ထုံးစံအတိုင်း အခြား မင်းညီမင်းသားတို့၏ မျက်မုန်းကျိုးခြင်းကို ခံရ၏။ ဆရာ့အိမ်တွင်နေ၍ ဝေယျာဝစ္စ လုပ်ပေးနေရသည့် အဟိံသကသည် ဆရာကတော်နှင့် ဖောက်ပြန်နေကြောင်း ကုန်းချော ကုန်းတိုက်ကြတော့သည်။ ပညာသင်ကာလပြည့်၍ ဆရာပူဇော်ပွဲ ကျင်းပသောအခါ အဟိံသကမှာ လက်ဗလာ။ ကုန်းတိုက်စကား မှိုင်းမိထားသော ဆရာသည် အဟိံသကအား မင်းပြစ်မင်းဒဏ် အမြန်သင့်စေရန် စီမံတော့သည်။ လူ့လက်ညှိုးတထောင်ဖြင့် ပညာသင်ကြေး ပူဇော်ရမည်ဟူ၍ အမိန့်ချမှတ်၏။ ထိုအချိန်မှစ၍ အဟိံသက၏ စိတ်ထဲ စွဲသွားသည်ကား ဆရာ့စကား၊ ဆရာ့အပေါ် ပူဇော်လိုမှု၊ ဆရာလိုလားသည့် လက်ညှိုးတထောင်။ ဆရာ့စကားသည် မှန်သည်၊ မှားသည်၊ ဖြစ်ထိုက်သည်၊ မဖြစ်ထိုက်သည်၊ တရားနည်းလမ်းကျသည်၊ မကျသည် ဘာကိုမျှ အဟိံသက မစဉ်းစား။ ဆရာခိုင်းတာ လုပ်မည်ဟူသည့် နုံနဲ့သော အသိသာ ရှိ၏။

မျက်မှောက်ခေတ်တွင်ကား လူနှစ်ယောက်တပိုင်းဖြင့် ဖွဲ့ထားသော ပါတီအများစုပါသည့် ၂၆ ပါတီဟူသည့် အစုအဖွဲ့နှင့် စစ်တပ်ကို အသုံးချ၍ ကိုယ်ကျိုးစီးပွားရှာနေသည့် တပ်လော်ဘီတို့က ကာချုပ်ကို ကုန်းချော၊ ကုန်းတိုက် လုပ်၏။ ကာချုပ်နှင့် စစ်ဗိုလ်ချုပ်ကြီးများက ထင်တလုံးဖြင့် အာဏာထသိမ်း၏။ နောက်လိုက် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များကား အဟိံသကများ။ ခေတ်သစ် အဟိံသကများကား ဘုရားနှင့် မတွေ့။ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် တွေ့၏။ မတရား အာဏာရယူလိုသူများသည် တိုင်းစစ်ဌာနချုပ်များဖြစ်သော ရမခနှင့် နပခတို့ကိုပါ လက်လွှတ်လိုက်ရ၏။ စစ်ဗိုလ်ချုပ်ကြီးများသည် ကြည်းတပ်က တိုက်ပွဲရှုံးလာသည်နှင့်အမျှ လေတပ်က အဟိံသကများကို ပိုမိုခိုင်းစေလာ၏။ မိမိတို့ ခိုင်းစေသမျှကို လက်မရွံ့လုပ်ရန် တပ်တွင်း စည်းရုံးဟောပြောမှုများ အဆက်မပြတ် ပြုလုပ်သလို တဖက်ကလည်း မိသားစုအရေးများဖြင့် ခြိမ်းခြောက်ထားသည်ဟု ကြားသိနေရ၏။

လေသူရဲများ၊ လေတပ်တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့သည် ပြည်ပ တိုင်းတပါးဖြင့် စစ်ခင်းရသည် မဟုတ်ဘဲ ကိုယ့်ပြည်တွင်းတွင်ပင် ဗုံးလိုက်ကြဲနေရသည့်အဖြစ်ပေါ် နှလုံးသန့်ကြပါ၏လော။ လိပ်ပြာလုံကြပါ၏လော။ ကိုယ့်စိတ်ကို စောကြောသင့်ပေ၏။ လေတပ်က မည်မျှပင် ဗုံးကြဲပေးနေစေကာမူ အသိမ်းပိုက်ခံထားရသည့် မြို့များ ပြန်မရပေ။ လေတပ်က မည်မျှပင် တိုက်ခိုက်ပေးနေသည် ဖြစ်စေ မတရားအာဏာရယူထားသည့် အကုသိုလ်အကျိုးဆက်ကြောင့် မြေပြင်တပ်ရင်း၊ တပ်ဖွဲ့များ ကျပြီးရင်း ကျနေသည်မှာလည်း မျက်မြင်ဒိဋ္ဌ ဖြစ်၏။ ကြည်းတပ်က မလိုက်နိုင်ဘဲ အပေါ်ကသာ ဗုံးကြဲတိုက်ခိုက်နေခြင်းသည် အပြစ်မဲ့ အရပ်သားပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုသာ ပျက်စီးစေသည်ကို လေတပ်သားများအနေဖြင့် သတိချပ်သင့်သည်။ ဗုံးကြဲတိုက်ခိုက်ရာရပ်ဝန်း မဆိုထားနှင့် တိုက်လေယာဉ်များ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရှိ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတို့၏ နေ့စဉ်နှင့်အမျှ စိုးရွံ့ထိတ်လန့်နေရမှုများကို ကိုယ်ချင်းစာတရား ထားသင့်ပါ၏။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ရန်သူရောက်ရှိနေသည်ဟု စစ်လော်ဘီများ၏ သတင်းပေးမှုများကြောင့် သွားရောက် ဗုံးကြဲတိုက်ခိုက်မှု လုပ်ရာတွင်လည်း ဗုံးကြောင့် ရန်သူ ထိခိုက်သည်ထက် အများပြည်သူ ထိခိုက်သေဆုံးမှု ပိုများပြားမည်ဆိုလျှင် ထိုတိုက်ခိုက်မှု လုပ်သင့်ပါ၏လောဟု ဆင်ခြင် သုံးသပ်သင့်ပါသည်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ် ပဇီကြီးရွာ ဗုံးကြဲမှုမျိုးမှာ လေတပ်သားများအတွက် အင်မတန် အကုသိုလ်များလှသည်။ အမှန်တကယ် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ပြီးရာ ဒေသများတွင် စုံစမ်းထောက်လှမ်းမှု အတတ်ပညာ သင်ယူထားသည့် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး (စရဖ) များ၊ ရဲများ၊ စသုံးလုံးများ မနေဝံ့တော့ဘဲ စစ်တပ် လိုလားသူအချို့၏ မခိုင်မာ မတိကျသော သတင်းများကို တပ်လော်ဘီများထံ ပေးပို့ လှုံ့ဆော်ရာမှ သွားရောက်တိုက်ခိုက် ဗုံးကြဲခြင်းကြောင့် အပြစ်မဲ့ ရဟန်း၊ ရှင်၊ လူအများ သေဆုံးရလျှင် အကုသိုလ်သည် တိုက်ခိုက်သူထံသာ ပြန်လည်လာမည်ကို ဗုဒ္ဓဘာသာဝင် ဆိုပါက သိနားလည်ပေမည်။

ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးစံတွင်လည်း ဟီရိဩတပ္ပ ဟူသော အရှက်‌အကြောက်တရား ရှိအပ်သည်၊ ရှိရမည်ဟု ယုံကြည်လက်ခံထားကြသည်။ သို့သော် ရှိအပ်သည့် အရှက်အကြောက် တရားသည် လွဲချော်နေ၍ မတော်။ ရှက်သင့်သည်ကို မရှက်၊ မကြောက်သင့်သည်ကို ကြောက်နေ၍ မရပေ။ အဟိံသက၏ ကြောက်ခြင်းကား မကြောက်သင့်သည်ကို ကြောက်ခြင်း ဖြစ်၏။ ဆရာ့စကားအတိုင်း တသဝေမတိမ်း လုပ်မည်ဟူသော ဆရာ့အမိန့်ကို ကြောက်ခြင်း ဖြစ်၏။ ကုသိုလ်၊ အကုသိုလ် ခွဲခြားနိုင်စွမ်းမရှိသော  အဟိတ်တိရစ္ဆာန်တို့၏ အမိန့်နာခံမှုမျိုး ဖြစ်သည်။

လေတပ်မှ လေသူရဲများ၊ တိုက်ခိုက်ရေးလေယာဉ်များ ပျံတက်နိုင်အောင် အဘက်ဘက်မှ ဆောင်ရွက်ပေးကြရသော မြေပြင် လေတပ်သားများအနေဖြင့် အဟိတ်တိရစ္ဆာန်တို့၏ အမိန့်နာခံမှုမျိုး၊ ကြောက်ခြင်းမျိုး မရှိသင့်ပေ။ မိမိတို့၏ မိသားစုအရေးကိုပါ ငဲ့ကွက်ရပါသည်ဟု အကြောင်းပြချက် ပေးနေရင်းဖြင့် သံသရာ ပူလောင်ရမည့်၊ ဝဋ်လည်မည့် အကုသိုလ်တရားများကို ပွားများ၍ မနေထိုက်ပေ။ ကြည်းတပ်မှ အရာရှိများ၊ ရဲအရာရှိများပင် မိသားစုကို ရအောင် ခေါ်ထုတ်၍ CDM လုပ်သွားကြသည်ကို အတုယူသင့်သည်။ ငြိမ်နေလျှင် ပင့်ကူမျှင်ပင် ငြိနိုင်၍ ရုန်းထွက်လျှင် သံကြိုးပင် ပြတ်တောက်နိုင်ပေသည်။ လေတပ် တပ်ဖွဲ့ဝင်များ၏ မိဘဆွေမျိုးများ အနေဖြင့်လည်း အဟိံသက အဖြစ်ကို ရောက်နေသော တပ်ဖွဲ့ဝင်များကို ယုတ်ညံ့သော ဒိသာပါမောက္ခနှင့် ကင်းဝေးအောင် ကြံဆောင်ဝံ့သည့် သတ္တိရှိလာစေရန် အချိန်မီ တိုက်တွန်းသင့်ပါကြောင်း နှိုးဆော်လိုက်ရပါသည်။

စောအဲမွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024