
စစ်ကောင်စီတပ်က လေကြောင်းကနေပစ်ခတ်ခဲ့လို့ လူဒါဇင်နဲ့ချီအစုလိုက်သေဆုံးခဲ့ပြီး နောက်တရက် ဒီကနေ့ ဧပြီ ၂၀ ရက် ညနေပိုင်းမှာပဲ လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာတာလို့ ဒေသခံတွေကပြောပါတယ်။
မနေ့က တိုက်ခိုက်မှုမှာ ကလေးငယ်တွေအပါအဝင် လူ ၂၄ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး နာရေးကိုတောင် အလုံးစုံမပြုလုပ်နိုင်သေးခင်မှာဘဲ အခုလို တိုက်ခိုက်လာတာပါ။
ဒေသခံတွေကတော့ ကိုယ်ထူကိုယ်ထ လေကြောင်းရန်သတိပေးစနစ်နဲ့ သတိပေးနေတာကြောင့် ဗုံးခိုကျင်းတွေမှာ ပုန်းအောင်းနေကြရပြီး ဒီကနေ့ ညနေပိုင်းပစ်ခတ်မှုမှာတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အခုလထဲမှာတင် သပိတ်ကျင်းမြို့နယ်ထဲကို လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ အကြိမ်ရေက ၁၄ ကြိမ်ထက်မနည်းရှိနေပြီ။ အခုနောက်ဆုံးက ရေထွက်ရွာပေါ့။ ထိခိုက်သေဆုံးတာက အတိအကျပြောလို့ မရသေးဘူး။ ညနေပိုင်းအထိကို မီးလောင်ထားတဲ့ ကလေးအလောင်းတွေနဲ့ လူကြီးအလောင်းတွေ ၂၀ ကျော် ၃၀ နီးနီး တွေ့ထားတယ်” လို့ DVB ကို ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၁၈ ရက်ကလည်း ရေထွက်ကျေးရွာနဲ့ လိပ်ကျကျေးရွာတို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၃ ယောက် သေဆုံးသလို အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပုံအညွှန်း - ဧပြီ ၁၉ ရက်နေ့ ဗုံးကြဲခံရပြီးနောက်မြင်ကွင်း။