DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း၊ ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ်များ အပါအဝင် အများအပြား သေဆုံး ဒဏ်ရာရ 
DVB
·
April 20, 2025
သပိတ်ကျင်း၊ ရေထွက်ရွာကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ်များ အပါအဝင် အများအပြား သေဆုံး ဒဏ်ရာရ 
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်တွေ အပါအဝင်အနည်းဆုံး အရပ်သားပြည်သူ အယောက် ၂၀ ကျော် သေဆုံးဒဏ်ရာရှိခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “အခုလထဲမှာတင် သပိတ်ကျင်းမြို့နယ် ထဲကို လေ​ယာဉ်နဲ့ဗုံးကြဲခံရတဲ့ အကြိမ်ရေက ၁၄ ကြိမ်ထက်မနည်းရှိနေပြီ။ အခုနောက်ဆုံးက ရေထွက်ရွာပေါ့။ နေ့လယ် ၁ နာရီလောက်မှာကြဲတာ ပေါင် ၂၀၀ လား၊ ပေါင် ၅၀၀ လားဆိုတာတော့ သေချာမသိသေးဘူး။ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲသွားတာ။ ရွာလယ်ကောင် ဈေးထဲ အတည့်ကျတာ။ စက်သုံးဆီရောင်းတဲ့ဆိုင်ပါ ထိတော့ ပေါက်ကွဲအားတွေ အရမ်းများပြီး လူသေဆုံး ထိခိုက်တာတွေ အတော်လေးများတယ်။ ထိခိုက်သေဆုံးတာက အတိအကျပြောလို့ မရသေးဘူး။ ညနေပိုင်းအထိကို မီးလောင်ထားတဲ့ ကလေးအလောင်းတွေနဲ့ လူကြီးအလောင်းတွေ ၂၀ ကျော် ၃၀ နီးနီး တွေ့ထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၂၀ ကျော်လောက်ရှိတယ်။ အိမ်တွေ၊ ဈေးဆိုင်တွေ မီးလောင်တာလည်း ငြှိမ်းနေကြတုန်းပဲ။ အဲဒီထဲမှာလည်း သေဆုံးသူတွေ ရှိနိုင်သေးတယ်ဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီလ ၁၈ ရက်ကလည်း အဆိုပါ ရေထွက်ကျေးရွာနဲ့ လိပ်ကျကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ရေထွက်ရွာနဲ့ လိပ်ကျရွာတွေဟာ မန္တလေး-မိုးကုတ် ကားလမ်းဘေးမှာရှိပြီး ရွှေထွက်တဲ့နယ်တွေ ဖြစ်လို့ အနယ်နယ်အရပ်ရပ်က ရွှေလုပ်သားတွေ အများအပြား လာရောက် နေထိုင်ကြတာ ရှိပါတယ်။ 

သပိတ်ကျင်းမြို့နယ် ပကဖတာဝန်ခံ ကိုနဂါးနီက “ရေထွက်ရွာမှာ PDF နဲ့ ပကဖ တပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေမရှိဘူး။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်သတ်ဖြတ်တာ သက်သက်ပါ။ စစ်တပ်ဘက်က စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်။ အခု ထိခိုက်သေဆုံးတာတွေဟာ အရပ်သားပြည်သူတွေပဲ ဖြစ်တယ်” လို့ DVB ကိုပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ မီးလောင်ပျက်စီးခဲ့တဲ့ နေရာတွေကို ဧပြီ ၁၉ ရက်ညနေပိုင်းအထိ မီးသတ်တပ်ဖွဲ့တွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ အရပ်သားပြည်သူတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ပေးနေကြပါတယ်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့  စစ်ကောင်စီလက်အောက်ခံတွေနဲ့ စစ်တပ် ထောက်ခံသူတွေကတော့ PDF တပ်ဖွဲ့ဝင်တွေကို ဗုံးကြဲရှင်းလင်းနိုင်ခဲ့တယ်လို့ တယ်လီဂရမ်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာရေးသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးကျေးရွာကိုလည်း ဧပြီ ၁၃ ရက် ညပိုင်းမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ ရွာခံအမျိုးသား ၁ တယောက်နဲ့ အမျိုးသမီး တယောက်တို့ သေဆုံးခဲ့ကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ရသေးတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းကတည်းက သပိတ်ကျင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ ရေထွက်ရွာနဲ့တော့ မိုင်အတော်လေး ဝေးကွာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013