DVB Logo
Home
မြန်မာသတင်း
မော်ဖားသူးစခန်းကို KNLA ပူးပေါင်းတပ်များတိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်များ ထွက်ပြေး
DVB
·
April 20, 2025
မော်ဖားသူးစခန်းကို KNLA ပူးပေါင်းတပ်များတိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်များ ထွက်ပြေး
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ မော်ဖားသူးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက  ဧပြီ ၁၉ ရက် ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် ထွက်ပြေးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

မော်ဖားသူး စခန်းဟာ စစ်အာဏာရှင်တပ်တွေ နှစ် ၃၀ ကျော်ကြာတပ်စွဲထားတဲ့ စခန်းထိုင်တခု ဖြစ်ပြီး  KNLA ၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေက ဧပြီလဆန်းမှာ စတင်တိုက်ခိုက်ခဲ့တာမှာ  မနေ့ညက စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဧပြီ ၂၀ ရက် ဒီနေ့မနက်မှာ  စခန်းရှင်းလင်းနိုင်တယ်လို့ ကရင်တပ်မှူးတယောက်က ပြောပါတယ်။ 

မော်ဖားသူးစခန်းကနေ စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ထွက်ပြေးသွားတာကိုလည်း လိုက်လံရှင်းလင်းနေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်ကျဆုံးသတင်းကိုတော့  အတည်ပြုဆဲ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံ ၂၄၇  ယောက် ဧပြီ ၁၉ ရက်က မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးစစ်ရှောင်လာတယ်လို့  ထိုင်းစစ်တပ်ကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက သောက်ရေသန့်နဲ့ အစားအစာ ထောက်ပံ့တာ၊  ကျန်းမာရေး စစ်ဆေးပေးတာ၊  ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေကို  မြန်မာ-ထိုင်းနယ်စပ်မှာ လုံခြုံရေးယူထားတဲ့ ထိုင်းဒေသကွပ်ကဲရေးတပ်က ဗျူဟာမှူးကိုယ်တိုင် ဦးစီးဆောင်ရွက်ပေးနေပါတယ်။

ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း စခန်းတွေ မကျအောင်  တိုက်လေယာဉ်တွေနဲ့ရော ထောက်ပို့လေယာဉ်တွေနဲ့ပါ လေကြောင်းက နေတိုက်ခိုက် ဗုံးကြဲနေတာကြောင့် လူနေအိမ်တွေ၊ ကျေးရွာတွေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးပြီး အရပ်သားပြည်သူတွေလည်း သေဆုံးထိခိုက်မှု ရှိနေပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲပြင်းထန်နေလို့ ထိုင်းဘက်ကို စစ်ရှောင်တွေ ထပ်ပြီး ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်ထားတာရှိသလို  ဝင်ရောက်လာနိုင်တဲ့ စစ်ရှောင်တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013