
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီးနားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း ထိခိုက်မှုရှိ တယ်လို့ KNDF အမှတ် ၁ ဗျူဟာက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၉ ရက် မနက် ၅ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့အတူ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ထိုးစစ်ဆင်လာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က အထိအခိုက်များလို့ ခမရ ၄၂၂ ထဲကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က “သူတို့ဘက်က မနာဘူးဆိုလို့ရှိရင် လေယာဥ်မလာဘူး။ များသောအားဖြင့်က အဲဒီလိုပဲ၊ လေယာဥ်ကတော့ တော်တော်လေးပစ်သွားတယ်။ သူတို့ဘက်က သေတာတွေလည်းရှိမယ်။ အတိအကျတော့ မသိရဘူး”လို့ ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ပြန်လည်တိုက်ခိုက်ရင်း တော်လှန်ရေး အင်အားစုဘက်က ရဲဘော် ၂ ယောက်လည်း ထိခိုက်မိပြီး ဒရုန်းတစင်းလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို သိမ်းပိုက်ချင်တဲ့အတွက် နေ့ရက်တိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာချင်ရင် မြေပြင်အခြေအနေကို မေးပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။