DVB Logo
Home
မြန်မာသတင်း
လဝါးကျေးရွာအုပ်စု စစ်ရှောင် ၁,၀၀၀ ကျော် ဆေးဝါးနှင့် အစားအသောက် အခက်အခဲဖြစ်
DVB
·
April 17, 2025
လဝါးကျေးရွာအုပ်စု စစ်ရှောင် ၁,၀၀၀ ကျော် ဆေးဝါးနှင့် အစားအသောက် အခက်အခဲဖြစ်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော်အတွက် ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လီဒိုလမ်းမကြီးပေါ်က ဖားကန့်-တနိုင်းသွားတဲ့ လမ်းပိုင်းအတွင်းမှာရှိတဲ့ ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် လဝါးရွာ၊ လဂေါင်ရွာနဲ့ ခွန်စိုင်ယန်ရွာတွေဘက်က ဒေသခံပြည်သူတွေဟာ နမ္မတီး၊ မြစ်ကြီးနားနဲ့ မိုးကောင်းမြို့တွေဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေကို ကူညီနေသူတယောက်က “ဟုတ်ကဲ့ပါ။ အခုက လဝါးရွာက နေလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ စစ်ဘေး ခဏရှောင်နေတာပေါ့နော်။ အစားအသောက်တွေ ခက်ခဲနေပါတယ်။ အဝတ်တထည်၊ ကိုယ်တခုနဲ့ ထွက်လာကြတဲ့လူတွေ များတယ်ဆိုတော့ စစ်ရှောင်တွေဆိုတော့ အစားအသောက်၊ ဆေးဝါးတွေပေါ့ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေလည်း ပါဝင်ပြီး စစ်ရှောင်ကလေးသူငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးအနားက တောတောင်တွေဘက်မှာ ရှောင်တိမ်းနေကြတဲ့ ဒေသခံပြည်သူတချို့နဲ့ ရွာတွေမှာ နေအိမ်စောင့်ပြီး ကျန်ရစ်ခဲ့တဲ့ ဒေသခံအနည်းငယ်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

“ဟုတ်ကဲ့၊ အခု ကျနော်တို့ စစ်ရှောင်နေရတဲ့ လူတွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အရမ်း ဆိုးဆိုးဝါးဝါး မကျန်းမာမှုတွေ ဖြစ်တာတော့ မရှိဘူး။ ဒါပမဲ့ အခု ဒီ လသားကလေးတွေ ဝမ်းလျှော ဝမ်းပျက်တာတွေ အနည်းငယ်တော့ ရှိလာတယ်ဗျ။ အခု ကျနော်တို့ လက်ရှိအချိန်မှာ အကြီးမားဆုံး အခက်အခဲတွေက နေဖို့နေရာတွေပါ။ ကျနော်တို့ကို နေရာချထားပေးတဲ့ အသင်းတော်တွေ၊ နေရာချထားပေးတဲ့ ဟောခန်းတို့ အဆောင်တို့တွေမှာတော့ နေနေရတယ်။ ဒါပေမဲ့ လူတွေများတော့ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ သိပ်နေဖို့ အဆင်မပြေတာတွေရှိတယ်။ အဲဒါကြောင့် အခုနေဖို့ ယာယီတဲ၊ ဝါးတဲ၊ မိုးကာတဲတွေ လုပ်ဖို့တော့ စီစဉ်နေတယ်။ အဲမှာ စီစဉ်နေတဲ့ထဲမှာ ကျနော်တို့ မိုးကာတွေ၊ ဝါးတွေ၊ ဘာတွေတော့ လိုအပ်နေတာ ရှိနေတယ်ဗျ။  အရေးပေါ် လိုအပ်နေတဲ့ အထဲမှာရော အခု အစားအသောက်နဲ့ ဆေးဝါးတွေပေါ့” လို့ စစ်ရှောင်တွေကို ကူညီနေသူက ပြောပါတယ်။

လီဒိုလမ်းမပေါ်မှာရှိတဲ့ ဝါရာဇွပ်ကျေးရွာအုပ်စုက ဒေသခံတွေဟာလည်း မြို့ပေါ်ကို ထွက်လာလို့ မရဘဲ ပိတ်မိနေတဲ့အတွက် တောတောင်တွေဘက်မှာ တိမ်းရှောင်နေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အဓိက လိုအပ်နေတယ်လို့ နမ္မတီး ဒေသခံတယောက်က ပြောပါတယ်။

တနိုင်း-လီဒို လမ်းမပေါ်မှာရှိတဲ့ ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ဒေသခံတွေ သတ်ဖြတ်ခံရတာတွေ ရှိနေပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

နမ္မတီးဒေသခံက “လမ်းမလျှောက်နိုင်တော့တဲ့ အိုမင်းမစွမ်း သက်ကြီးပိုင်းတွေ၊ မိသားစုဝင်တွေ နာမကျန်းဖြစ်တဲ့သူတွေကို အရင်လာပို့ထားတယ်။ အသက်အရွယ်ကောင်းသေးတဲ့ လူငယ်အရွယ် အမျိုးသမီး၊ အမျိုးသားတွေ၊ ပြေးနိုင်မယ့် လူလတ်ပိုင်းတွေတော့ မပြန်သေးဘူး။ သူတို့ လဝါးမှာပဲ ရှိသေးတယ်။ တချို့က ဝောာဘက် တိမ်းရှောင်ကြတယ်။ မြေးအဘွား ၂ ယောက်လည်း တောဘက်ပြေးတာမှာ သူတို့ စားစရာ ဟင်းမရှိတော့တာကြောင့်၊ ဆန်တွေ မရှိတော့တာကြောင့် မြေးကို တောမှာထားခဲ့ပြီး အဘွားက ရွာထဲပြန်ယူတာ အဘွား တောထဲက ထွက်လာတာကြောင့် သူတို့ စစ်ကောင်စီတပ်သားတွေ ပစ်သတ်လိုက်တာလို့ ပြောတယ်။ တောထဲကထွက်လာရင်က အဲလို အိမ်ကနေ ဆန်တွေ၊ ပစ္စည်းတွေ လာယူတာက တောထဲက လက်နက်ကိုင်တွေကို ထောက်ပံ့တာပဲ ဆိုပြီး ပစ်သတ်လိုက်တာလို့ ပြောတယ်” လို့  ပြောပါတယ်။

တနိုင်း-လီဒို လမ်းဘက်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်၊ ဝါရာဇွပ် ပြည်သူ့စစ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကာ လက်ရှိအချိန်ထိ နှစ်ဖက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013