
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း နီးပရိုမြို့မှာ ဧပြီ ၁၆ ရက် ညနေပိုင်းက ရုရှားရဲ့ အစုလိုက် အပြုံလိုက် ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၂၈ ယောက်ထိ ရှိခဲ့တယ်လို့ ယူကရိန်းသတင်းဌာန The Kyiv Independent မှာ ဖော်ပြပါတယ်။
အမျိုးသမီးငယ်တယောက်နဲ့ သက်ကြီးရွယ်အို အမျိုးသမီးတယောက် သေဆုံးခဲ့ကြောင်း နီးပရိုပတ်ထရော့ဗ်စ်ခ် ဒေသရဲ့ အုပ်ချုပ်ရေးမှူး ဆာဟီး လိုင်ဆက်ခ်က တယ်လီဂရမ်အက်ပ်မှာ ရေးသားခဲ့ပါတယ်။
အသက် ၁၁ နှစ်၊ ၆ နှစ်နဲ့ ၉ လအရွယ် ကလေး ၃ ယောက် အပါအဝင် လူတချို့ ဒဏ်ရာရခဲ့ကြောင်း လိုင်ဆက်ခ်က ပြောကြားပါတယ်။
နီးပရိုမြို့တော်ဝန် ဘော်ရစ်စ် ဖီလာတို့ဖ်က မြို့တော်စည်ပင်ရုံးတွေကနေ မီတာ ၁၀၀ အကွာလောက်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးမှုနဲ့ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေကို ပြသထားတဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။
Source : Reuters/The Kyiv Independent