DVB Logo
Home
မြန်မာသတင်း
အင်းဝတွင် ငလျင်ကြောင့် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ ၄ ပုံ ၃ ပုံခန့် ပျက်စီး 
DVB
·
April 14, 2025
အင်းဝတွင် ငလျင်ကြောင့် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ ၄ ပုံ ၃ ပုံခန့် ပျက်စီး 
1 / 3
Donate to DVB

အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးတိုင်း၊ အင်းဝ ရှေးဟောင်းနယ်မြေမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ ၇၅ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက နေသိရပါတယ်။

အရင်ကမတွေ့ခဲ့ရတဲ့ ၂ ထပ်စေတီတွေနဲ့ ၃ ထပ် လိုဏ်ဂူဘုရားတွေကိုလည်း မြေငလျင်ကြောင့် ပြိုကျတာမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက်ကလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးနဲ့ အင်းဝဒေသတို့က ရှေးဟောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရပြီး အရင်ကတော့ အင်းဝ ရှေးဟောင်းသုတေသနဇုန်မှာ ဘုရား၊ စေတီ၊ အုတ်ကျောင်းအများကြီးရှိတာကို စာရင်းကောက်ယူခဲ့ပေမဲ့ မျက်မြင် အနေအထားအရ ၂ ထပ်စေတီမရှိခဲ့ဘူးလို့ ထုတ်ပြန်ထားတာပါ။

ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို ကောက်ယူရာမှာ ပြိုပျက်နေတဲ့စေတီတွေထဲက မူလစေတီငယ်ကိုငုံပြီး တည်ထားတဲ့ နှစ်ထပ်စေတီ ၁၃ ဆူကို စိစစ်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သောတပန်ဘုရားအနီး အမှတ် ၉၃ စေတီမှာ ၁ ဆူ၊ ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် ၃၁၆ နဲ့ ၃၁၈  မှာ ၂ ဆူ၊ အမှတ် ၂၁ ကြေးနီမုဌောမှာ ၁ ဆူ၊ မြသိန်းတန်ဘုရားအနီး ကိုစံငွေယာခင်းနားမှာ ၁ ဆူ၊ မင်္ဂလာရပ်ကျောဘက် ဦးထွန်းနိုင်ယာခင်းနားမှာ ၂ ဆူ၊ ရှင်ပင်ခရေသီးမှာ ၁ ဆူ၊ အနောက်ရိပ်သာဝင်းမှာ ၁ ဆူ၊ ပုလိပ်ဘုရားစုမှာ ၁ ဆူ၊ ကျောက်ဆည်မြို့၊ အင်ရောင်းဘုရားစုမှာ ၁ ဆူ၊ ကျောက်ဆည်မြို့နယ်၊ တောတွင်ရွာမှာ ၁ ဆူ၊ မန္တလေးမြို့၊ ဘုရားနီဘုရားမှာ ၁ ဆူ၊  စုစုပေါင်း ၁၃ ဆူ ဖြစ်ပါတယ်။

ဒါ့အပြင် ၃ ထပ်လိုဏ်ဂူဘုရားတွေကို ပင်းယမှာ ၁ ဆူ၊ မြစ်ငယ်မှာ ၃ ဆူ၊ စာတိုး မြို့ပြင်ကြီးမှာ ၁ ဆူ စုစုပေါင်း ၃ ဆူကို စိစစ်တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။

ပဏာမ ကွင်းဆင်းစစ်ဆေးချက်အရ မန္တလေးမြို့၊ ၈၁ လမ်းပေါ် ၂၁ x ၂၂ ကြားက ဘုရားနီဘုရားမှာ ငလျင်ဒဏ်ကြောင့် အပေါ်ယံအုတ်တွေကွာကျလို့ အတွင်းမှာ အင်းဝခေတ်နှောင်းပိုင်းကတည်းက တည်ထားခဲ့တယ်လို့ ယူဆရတဲ့စေတီရှိပြီး အဲဒီစေတီကို အမရပူရခေတ်မှာ တကြိမ်ထပ်ငုံပြီး တည်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အင်းဝဒေသမှာလည်း ပထမအင်းဝခေတ်မှာတည်ထားခဲ့တဲ့ ဘုရား ၉ ဆူအနက် တချို့ဘုရားတွေကို ညောင်ရမ်းခေတ်မှာ ဒုတိယအကြိမ်ငုံပြီး မွမ်းမံပြင်ဆင်ထားတာ၊ တချို့ကတော့  ပထမအင်းဝခေတ်နှောင်းပိုင်းမှာပဲထပ်ငုံပြီး မွမ်းမံပြင်ဆင်ထားတာကို စိစစ်တွေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကတော့ အင်းဝ-ပင်းယ ရှေးဟောင်းဇုန်မှာ မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းအဆာက်အအုံ ၉၆၀ ရှိပြီး ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲကို ကိုးကား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013