အင်းဝဒေသမှာ အင်အားပြင်းငလျင်ကြီးကြောင့် ရှေးဟောင်းအဆောက်အအုံ ၆၁၄ ခု ပျက်စီးခဲ့ရပြီး မန္တလေးနန်းမြို့ရိုးပေ ၅,၀၀၀ လောက်လည်း ပျက်စီးသွားတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အင်းဝဒေသမှာ ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုရှိတဲ့အထဲက ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက် အအုံ ၆၁၄ ခု စစ်ဆေးတွေ့ရှိပြီး ၅၀၀ ကျော်ကို အသေးစိတ် စာရင်းသွင်းပြီးပြီလို့ ဆိုပါတယ်။
မန္တလေးနန်းမြို့ရိုးဟာလည်း ငလျင်ဒဏ်ကြောင့် ၄,၈၃၉ ပေ၊ သူရဲခို ၁,၂၅၅ လုံး၊ မြို့ရိုးဝင်ပေါက် ပြအိုးနဲ့ ပြာသာဒ်ဆောင် ၉ ခု၊ မီးတား ၁၂ ခုတို့လည်း ပျက်စီးခဲ့ရပါတယ်။
မန္တလေး၊ အင်းဝ၊ ပင်းယ၊ ပလိပ်၊ မက္ခရာ၊ စစ်ကိုင်း စတဲ့ဒေသမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ဖွဲ့စည်းထားတဲ့ အဖွဲ့ ၈ ဖွဲ့က UNESCO လမ်းညွှန်ချက်နဲ့အညီ အကဲဖြတ်ချက်တွေကောက်ယူပြီး ဦးစားပေးအဆင့် သတ်မှတ်ခွဲခြားနေတယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် ပုဂံငလျင်ဖြစ်ခဲ့ပြီးနောက် UNESCO ပညာရှင်တွေ လာရောက်ပြုစု သင်ကြားပေးခဲ့တဲ့ ပုံစံ၊ စနစ်၊ ဇယားတွေကို မှီငြမ်းနမူနာယူပြီး ရှေးဟောင်းစေတီ၊ ပုထိုးတွေရဲ့ ဗိသုကာနဲ့ အနုပညာလက်ရာတွေကို စိစစ်မှတ်တမ်းပြုစုနေတယ်လို့လည်း ဆိုပါတယ်။
ပျက်စီးရာနေရာတွေကို စစ်ကောင်စီရဲ့ ယဉ်ကျေးမှုဝန်ကြီးလည်း လာရောက်တာကိုတွေ့ရပြီး ပြိုကျပျက်စီးခဲ့တဲ့ ရှေးဟောင်း စေတီအဆောက်အအုံတချို့ကိုတော့ မိုးရေဝင်တာကနေ ကာကွယ်ဖို့ မိုးကာစတွေနဲ့ တစိတ်တပိုင်း ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။
ဝန်ကြီးနဲ့ ဒုဝန်ကြီးတို့က ရှေးဟောင်းအုတ်တွေကို ပြန်သုံးဖို့၊ မဟာမုနိဘုရားရုပ်ပွားတော်ကို ငလျင်ဒဏ်ခံနိုင်ရေးအတွက် အများပြည်သူကို ရွှေဆက်မချခိုင်းတော့ဘဲ အခုရှိနေတဲ့ အဆင်တန်ဆာတွေကိုလည်း ဖြုတ်သိမ်းဖို့၊ နံရံပန်းချီမူလအစိတ်အပိုင်းကို ရနိုင်သလောက် ပြန်ဆက်ဖို့၊ နံရံပန်းချီအပိုင်းအစတွေကို မူလပုံစံအတိုင်းရအောင်ပြန်လုပ်ဖို့ စတာတွေ မှာကြားခဲ့တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။
ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုစာရင်းကို ကောက်ယူရာမှာ ပြိုပျက်နေတဲ့စေတီတွေထဲက မူလစေတီငယ်ကိုငုံပြီး တည်ထားတဲ့ နှစ်ထပ်စေတီ ၁၃ ဆူနဲ့ ၃ ထပ်လိုဏ်ဂူဘုရား ၃ ဆူကိုလည်း စိစစ်တွေ့ရှိရတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းထဲမှာရှိတဲ့ အင်းဝမြို့ဟောင်းလည်း အကြီးအကျယ်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
၁၄ ရာစုကနေ ၁၉ ရာစုအထိ မြန်မာဘုရင်တွေ ထီးနန်းစိုးစံခဲ့တဲ့ အင်းဝင်မြို့ဟောင်းကို “ရတနာမြို့” လို့ တင်စားခေါ်ဝေါ်ခဲ့ပြီး ဒီနေရာမှာ ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုရှိပြီး ရှေးဟောင်း ဘုရားစေတီတွေလည်း ရှိပါတယ်။
အင်းဝမြို့ဟောင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အဓိကဆွဲဆောင်တဲ့မြို့လည်း ဖြစ်ကာ UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ပြင်ဆင်နေတာဖြစ်ပေမဲ့ ပြင်းထန်တဲ့ ငလျင်က အရာအားလုံးကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။
ငလျင်ကြောင့် အင်းဝမြို့မှာရှိတဲ့ အထင်ကရနေရာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စေတီတွေ၊ ရာစုနှစ်များစွာက ရှေးဟောင်းလက်ရာတွေ ပြိုကျ ပျက်စီးခဲ့ရာမှာ အင်းဝမြို့မှာရှိတဲ့ မယ်နုအုတ်ကျောင်းလို့ လူသိများတဲ့ မဟာအောင်မြေစံ ကျောင်းတော်ကြီးလည်း ၆ ပုံ ၁ ပုံလောက် ပျက်စီးပြိုကျခဲ့ ပါတယ်။
မယ်နုအုတ်ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်က ဘကြီးတော်မင်းနဲ့ နန်းမတော်မယ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်မှာ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ဖူးပါတယ်။ မြန်မာသက္ကရာဇ် ၁၂၃၄ ခုနှစ်မှာ ဒီကျောင်းတော်ကို နန်းမတော်မယ်နုရဲ့ သမီးဖြစ်တဲ့ ဆင်ဖြူမရှင်က ထပ်မံပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့လှည်ခရီးသည်တွေအတွက် အဓိကဆွဲဆောင်ရာဖြစ်တဲ့ မယ်နုအုတ်ကျောင်း ပြိုကျမှုနဲ့ ပတ်သက်ပြီး ဒေသခံတယောက်ဖြစ်တဲ့ မလှိုင်က “မယ်နုအုတ်ကျောင်း ပြိုကျခဲ့တဲ့အတွက် ကျမတို့ အရမ်းဝမ်းနည်းပါတယ်။ စိတ်မထိန်းနိုင်အောင် ဝမ်းနည်းမိပါတယ်။ ဒီလို ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျပျက်စီးတာက ရုပ်ဝတ္ထုပျက်စီးမှု တခုတည်းမဟုတ်ဘဲ တခြားအရာတွေလည်း ပျက်စီးခဲ့တာပါ။ ကျမတို့မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပြစရာ ရှေးဟောင်းအဆောက်အအုံ မရှိတော့ပါဘူး။”လို့ ပြောပါတယ်။