
ဧပြီ ၂၇ ရက်ညက မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်လောက်မှာ မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့တောင်ဘက် ၂၀ ကီလိုမီတာအကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေရဲ့ ဗဟိုချက်အနီးအဝေးပေါ်မူတည်ပြီး ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနကတော့ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်လောက်အကွာ၊ အနက် ၂၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ရစ်ချ်တာစကေး ၃ ဒသမ ၇ ရှိ မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင် တဝိုက်က ပြည်သူတွေ သိသိသာသာခံစားခဲ့ရပြီး မန္တလေးမြို့မှာတော့ မြို့ခံတွေ ထိတ်လန့်တကြား လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။
မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်အချက်တွေနဲ့ အညီ နေထိုင်ကြဖို့ NUG က သတိပေးထားပါတယ်။