
စစ်အာဏာသိမ်းမှုအောက်မှာရှိနေတဲ့ ဘက်ပေါင်းစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တော်လှန်ရေးအတွင်းက ဖြစ်ရပ်တွေကို သရော်တဲ့ ရေးသားဖွဲ့ဆိုချက်တွေနဲ့ တော်လှန်သံချပ်တွေ ထွက်ပေါ်နေပါတယ်။
ခေတ်စနစ်ကို ပုံဖော်နေတဲ့ သင်္ကြန်သံချပ်တွေကို တက်ကြွလှုပ်ရှားလူငယ်တွေနဲ့ သံချပ်အဖွဲ့တွေက အစဉ်အမြဲပြုလုပ်နေကြဖြစ်သလို စစ်အာဏာသိမ်းကာလမှာလည်း တော်လှန်ရေးသံချပ်တွေကို နှစ်စဉ်လိုလို ပြုလုပ်လေ့ရှိကြပါတယ်။
အခုမြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွက်လည်း တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးသံချပ်လုပ်နေကြပြီး ဧပြီ ၁၂ ရက်က တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား/ကျောင်းသူတွေ စုပေါင်းပြီးတော့ ၃ ကြိမ်မြောက် “အတာစိုးမယ့် တမာမိုးသံချပ်” ဆိုတဲ့ တော်လှန်သံချပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
အတိတ်နဲ့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ ဖိနှိပ်မှုတွေနဲ့ တိတ်ဆိတ်မှုတွေအောက်က မျှော်လင့်ချက်တွေ ကို ဒီသံချပ်ကနေတဆင့် သတင်းစကားပါးချင်တဲ့အတွက် အခုလို ပြုလုပ်ရတာပါလို့ Tamar Moe (တမာမိုး) တာဝန်ရှိသူတယောက်က ပြောပါတယ်။
“တော်လှန်ရေးကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်မှုတွေ၊ ဖိနှိပ်မှုတွေအပြင် ဒီသဘာဝဘေးကြောင့် ကျမတို့ပြည်သူတွေအားလုံး ထိခိုက်ပျက်စီးမှုတွေ၊ အသက်အိုးအိမ် စည်းစိမ်တွေ တော်တော်လေး အထိခိုက်များတဲ့နှစ်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဒါကို အခွင့်ကောင်းယူပြီးတော့ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ သူတို့တရားဝင်မှုကို တည်ဆောက်ဖို့ ရွေးကောက်ပွဲ အတုတွေ ဒါတွေကို အတင်းလုပ်ဆောင်နေတာရှိပါတယ်။ ဒါတွေကို တစုတစည်းတည်းဖော်ပြရင်းနဲ့ ဘက်ပေါင်းစုံက ဖိနှိပ်မှုတွေကြားမှာ ဘယ်သူတွေကတော့ ကျမတို့နဲ့အတူ ကြံ့ခံနေတယ်။ ဒီခရီးမှာ ဘယ်သူတွေက အထူးတလည် ဂုဏ်ပြုထိုက်သူတွေလည်း ဆိုတာကိုပါ ထည့်သွင်းရေးသားထားပါတယ်။ သံချပ်မှာ ပါဝင်တဲ့သူအများစုက ကျောင်းသားတွေ ဆိုတော့ ကျောင်းသားတွေက ခေတ်စနစ်အကြောင်းကို ဘာပြောချင်နေကြလဲဆိုတာ ကွက်ကွက်ကင်းကင်းမြင်ရစေမှာပါ။”
ဧပြီ ၁၃ ရက်ကလည်း စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ကူညီရေးအဖွဲ့တခုဖြစ်တဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကလည်း တော်လှန်သင်္ကြန် “အညာပစ်တိုင်းထောင်အသံ” သံချပ်တွေ ပြုလုပ်ခဲ့ကြပါတယ်။
အလားတူ ဧပြီ ၁၂ ရက်ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဖားကန့်ပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်နဲ့ တော်လှန်သင်္ကြန်သံချပ်ထိုးတာကို ပြုလုပ်ခဲ့ကြပါတယ်။
စစ်ခေါင်းဆောင် အပါအဝင် အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့၊ စစ်ကောင်စီ ကျင်းပတဲ့ သင်္ကြန်မှာ မပါဝင်ကြဖို့၊ ပြည်သူတွေအားလုံး တော်လှန်သင်္ကြန်ဆင်နွှဲကြဖို့နဲ့ နွေဦးတော်လှန်ရေး ပြီးတဲ့အထိ စည်းစည်းလုံးလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပြီးတော့ တော်လှန်သင်္ကြန် သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။
ဖားကန့်လူထုသပိတ်အဖွဲ့ဝင် တယောက်က “တနိုင်ငံလုံး ဒီငလျင်ဘေးဒဏ်ကြောင့် အားလုံးဒုက္ခရောက်နေတဲ့အချိန် စစ်ကောင်စီက တနိုင်ငံလုံးကို ဗုံးကြဲ၊ သတ်ဖြတ်၊ နေအိမ်တွေ မီးရှို့၊ မုဒိမ်းကျင့်၊ လူငယ်တွေကို အဓမ္မစစ်မှုထမ်းပြီးတော့ ရှေ့တန်းပို့ပြီး အသေခံခိုင်းနေတဲ့အချိန်မှာ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြဖို့၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခြင်း မပြုလုပ်ဘဲ တော်လှန်သင်္ကြန်မှာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ် ၂၈ ရက် ငလျင်ဘေးသင့်ပြည်သူတွေနဲ့ ထပ်တူဝမ်းနည်းပြီးတော့ တနိုင်ငံလုံး ဝိုင်းဝန်း ကူညီပေးကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
အလားတူပဲ ဧပြီ ၁၁ ရက်ကလည်း Myingyan Black Tiger (MBT) အဖွဲ့က တော်လှန်ရေး သမားတွေရဲ့ ရင်တွင်းခံစားချက်နဲ့ ဖန်တီးထားတဲ့ “ဗရုတ်သုတ်ခသင်္ကြန်သံချပ်” ကို ပြုလုပ်ခဲ့ကြ ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကလည်း ဧပြီ ၁၆ ရက်မှာ "နရသိန်အသံ တော်လှန်သံချပ်" ကို ပြုလုပ်သွားဖို့ရှိနေပါတယ်။
အကျဉ်းထောင်အတွင်းက ခက်ခဲစွာနဲ့ ပေးပို့ခဲ့တဲ့ အသံတွေကို ပဲ့တင်ထပ်ဖို့အတွက် ဒုတိယ အကြိမ်မြောက် ရိုးရာမပျက်တဲ့ "နရသိန်အသံ တော်လှန်သံချပ်" ကို ပြုလုပ်နိုင်ဖို့ ကြိုးစား ဆောင်ရွက်ခဲ့ကြတာလို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ပျက်စီးနေတဲ့ အုပ်ချုပ်ရေး ယန္တရားတွေ၊ နိုင်ငံရေးအကျဉ်းသား/သူတွေ အပါအဝင် အကျဉ်းသား/သူတွေရဲ့ ဆိုးရွားလွန်းလှတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု အခြေအနေတွေကိုလည်း ကျနော်တို့ရေးသားထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လုပ်ရပ်အမှားတွေ၊ ငလျင်ကိစ္စမှာ လုပ်ခဲ့တဲ့ လုပ်ရပ်အမှားတွေ၊ လိုအပ်ချက်တွေ၊ ဒါ့အပြင် NUG အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လိုအပ်နေတဲ့ အခြေအနေတွေကိုလည်း အကျဉ်းထောင်ထဲက ခံစားချက်တွေနဲ့ ပြင်ပမှာရှိနေတဲ့ နိုင်ကျဉ်းဟောင်းတွေရဲ့ ခံစားချက်တွေကို ပဲ့တင်ထပ်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ကျနော်တို့ ရေးသားချက်တွေပါတယ်၊ လိုအပ်ချက်တွေကို သရော်တဲ့ ရေးသားချက်တွေလည်း ကျနော်တို့ ရေးသားဖွဲ့ဆိုထားပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ၊ ထောင်အာဏာပိုင်တွေရဲ့ လာဘ်စားမှုတွေနဲ့ ထောင်တွင်းဆေးဝါးမလုံလောက်တာကို ထင်ဟပ်စေမယ့် "မော်စကိုပြန်သံချပ်" ကို ပြုလုပ်ခဲ့ကြပါတယ်။
ကေခိုင်











