DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် ကျောက်ဆည် ကျောက်သေတ္တာစေတီကို မဖြိုချတော့ဘဲ မူလအတိုင်းထားရှိ
DVB
·
April 13, 2025
ငလျင်ဒဏ်သင့် ကျောက်ဆည် ကျောက်သေတ္တာစေတီကို မဖြိုချတော့ဘဲ မူလအတိုင်းထားရှိ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ ငလျင်ဒဏ်သင့်ခဲ့တဲ့ ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာစေတီကို မဖြိုချတော့ဘဲ မူလအတိုင်းပဲ ထားရှိတာကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကျောက်ဆည်မြို့မှာ  နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးဟာ လုံးဝပြိုကျခဲ့ပြီး တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျောက်ဆည်မှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဧပြီ ၅  ရက်အထိ လုပ်ဆောင်ခဲ့ရာ သေဆုံးသူ ၁၀၈ ယောက်၊ ဒဏ်ရာရသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါအပြင် စုကြီးရပ်ကွက်၊ ရွှေသာလျောင်းတောင်ပေါ်က ကျောက်သေတ္တာစေတီဟာလည်း ထိခိုက် ပျက်စီးခဲ့တာကြောင့် တောင်အောက်က ရပ်ကွက်တွေကို အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ပြီး အရေးပေါ် ပြောင်းရွှေ့ဖို့ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က လိုက်လံ သတိပေးခဲ့ပါတယ်။

ကျောက်ဆည် မြို့ခံတယောက်က “ကျောက်သေတ္တာကြီးက လောလောဆယ် မဖျက်တော့ဘူး။ ဒီအတိုင်းပဲ ထားသွားမှာ။ သူတို့ ဘယ်လိုနည်းပညာတွေနဲ့ လုပ်လိုက်လဲတော့ မသိဘူး။  အခုတော့ မဖျက်တော့ဘူး။  တကယ်လို့ ငလျင်ထပ်လှုပ်ရင်တော့  အန္တရာယ်ရှိလာနိုင်တာပေါ့။  ဒါပေမဲ့ မြို့ရဲ့ အထင်ကရ သမိုင်းလည်း သမိုင်းဝင်၊ ထိလည်း မထိရဲ အဲဒီလိုဖြစ်နေတာ။ အခုတော့ အန္တရာယ်မရှိတော့ ပြန်ပြီးတော့ လှုပ်ရှားသွားလာနေကြတယ်။ သူတို့ ဘယ်လိုတွေ လုပ်လိုက်လဲတော့ မသိဘူး။ စိတ်ချရလို့ မဖျက်တော့တာ ထင်တယ်”လို့ ပြောပါတယ်။

ဧပြီ ၄ ရက် ည ၉ နာရီ ၅၅ မိနစ်လောက်က  ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး ငလျင်ထပ်မံ လှုပ်ခတ်ခဲ့လို့ သေဆုံးသူမရှိပေမဲ့ ထိခိုက်ပျက်စီးနေတဲ့ နေအိမ်၊ အဆောက်အအုံတချို့ အနည်းငယ်ပြိုကျ အက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ကျောက်သေတ္တာစေတီဟာ ဘုမိဗေဒတိုင်းတာချက်အရ  ပြုတ်ကျနိုင်ခြေရှိတယ်လို့ ပြောဆိုပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လောလောဆယ်ရပ်နားထားတယ်လို့  လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ဘယ်လိုကြောင့် မလုပ်ဖြစ်တာလဲတော့ မပြောတတ်ဘူး။ အခုက လောလောဆယ် မလုပ်ဖြစ်သေးဘူး။ ရပ်ထားတယ်။ ဘူမိဗေဒအရ တိုင်းတာတော့  သူတို့က ပြုတ်ကျနိုင်ခြေ ရှိတယ်လို့ ပြောတယ်။ အောက်ကရပ်ကွက်က ဒေသခံတွေ ပြုတ်ကျရင်တော့ စိုးရိမ်ရတယ်။ ဒီကောင်က နှစ် ၂၀၀၀ လောက်က သမိုင်းရှိတယ်။ ရပ်ကွက်ထဲက တချို့ကတော့  ပြန်နေတဲ့သူ ရှိတယ်။ တချို့ကလည်း အိမ်တွေ ပြိုထားတာတွေလည်း ရှိတဲ့အခါကျတော့ ရှောင်နေတာတွေလည်း ရှိတယ်။”

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၃၅၅ ယောက်ရှိပြီး အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အအုံ ၄၀၀၀ နီးပါးနဲ့ ဘုရားစေတီပေါင်း ၅၆၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧပြီ ၁၁ ရက်အထိ DVB က စုစည်းရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။  

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013