
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ သနွံသနော့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူဟာ ဧပြီ ၁၁ ရက်က စစ်မှုထမ်းဖို့လာခေါ်တဲ့အချိန်မှာ ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကျည်းကုန်းကျေးရွာမှာ နေထိုင်တဲ့ မောင်ကျော်ဇင်ဦးကို စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူ(ခ)ဦးသက်နိုင်က စစ်မှုထမ်းဖို့အတွက် နေအိမ်အထိ ဖိအားပေးလာခေါ်ချိန် မောင်ကျော်ဇင်ဦးက သူ့အိမ်ပေါ်မှာပဲ ဓားနဲ့ခုတ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိတဲ့ ကျေးရွာဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးကို စစ်မှုထမ်းဖို့ အခေါ်ခံရတဲ့လူငယ်က ဓားနဲ့ပြန်ခုတ်တဲ့အတွက် ဦးခေါင်းက လုံးဝပြတ်ထွက်သွားပြီး တခါတည်းသေဆုံးသွားတာ” လို့ ပြောပါတယ်။
မောင်ကျော်ဇင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းမှာ အင်အားအများအပြားနဲ့ လိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီး အုပ်ချုပ်ရေးမှူးနဲ့အတူပါလာတဲ့ ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒီဘက်က စစ်ကောင်စီဒဏ်ကို တော်တော်သည်းခံပါတယ်။ ရက်စက်လွန်းလာတော့ ပြည်သူတွေက လက်မခံတော့တာ။ အသတ်ခံရတာနဲ့ အဖမ်းခံရတာ တန်တောင်မတန်ပါဘူး” လို့ ပြောပါတယ်။
အခု စစ်မှုထမ်းအခေါ်ခံရတဲ့ မောင်ကျော်ဇင်ဦးတို့မိသားစုဟာ နွမ်းပါးတဲ့မိသားစုတွေဖြစ်ပြီး ရှေ့အပတ်စဉ်အတွက် စစ်မှုထမ်းဖို့အခေါ်ခံရတဲ့ မိသားစုဝင်လူငယ်တယောက် စစ်မှုထမ်းနေတာ ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ သိရပါတယ်။
ဧပြီ ၁၀ ရက်ကလည်း ကျုံပျော်မြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နဲ့ ပစ်သတ်ခံရပါသေးတယ်။