
မြန်မာနိုင်ငံဒေသအနံ့အပြားမှာ ဒီတပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး လေပြင်းတိုက်တာ၊ မြေပြိုတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတို့ကို သတိပြုကြဖို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဧပြီ ၁၁ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ် လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေတွေ့ဆုံတာ၊ အရှေ့ဘက်ကရွေ့လာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ အပူပျံတက်တိမ်တွေဖြစ်ထွန်းမှုအားကောင်းတာတို့ကြောင့် ဧပြီ ၁၁ ရက် ညကနေ ၁၇ ရက်နေ့အထိ တနိုင်ငံလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ လေပြင်းတွေတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတာတွေဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။
ဒီနေ့ညနေအထိကတော့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ နေရာစိပ်စိပ်၊ မကွေးတိုင်း၊ ကချင်၊ ကယားနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာဖို့ရာခိုင်နှုန်းကတော့ ၈၀ ဖြစ်တယ်လို့ ဆိုပါတယ်။