
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရရှိရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စစ်အုပ်စုတခုလုံးကို ဆက်လက် တော်လှန်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဧပြီ ၁၁ ရက် ဒီနေ့မှာ သဘာထားထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခု၊ ဧပြီ ၁၁ ရက် မနက် ၇ နာရီမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သားပြည်သူ ၁၅၈ ယောက် သေဆုံးခဲ့ပြီး ၅၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာဟာ ဒီနေ့ဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီလည်း ဖြစ်ပါတယ်။
အခုဖြစ်စဉ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အုပ်စုတခုလုံး တာဝန်ခံရမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒါ့အပြင် အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီအနေနဲ့ အပစ်ရပ်ဖို့ ထုတ်ပြန်ကြေညာထားပေမဲ့လည်း ငလျင်ဒဏ်သင့် ဒေသတွေက ပြည်သူတွေကို စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေဆဲပဲလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေခိုင်











