
လိုင်ယွန်နဲ့ တဖက် ၂ ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အမှားပြုလုပ်ခဲ့တဲ့ မန်ယူဂိုးသမား အိုနားနားအပေါ် ယုံကြည်မှုရှိနေဆဲ ဖြစ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
မန်ယူဂိုးသမားဟာ လိုင်ယွန်အသင်းရဲ့ ဦးဆောင်ဂိုးကို ကာကွယ်ရာမှာ အားနည်းမှုရှိခဲ့သလို ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ဂိုးမှာလည်း အမှားမကင်း ဖြစ်ခဲ့ရတာပါ။
ဘောလုံးပွဲတွေမှာ ဒီလိုအမှားမျိုးတွေက မကြာခဏဖြစ်တတ်ပြီး အိုနားနားအပေါ် အမှန်တကယ် ယုံကြည်မှုရှိဆဲဖြစ်ကြောင်း ပွဲအပြီးမှာ နည်းပြအာမိုရင်က ပြောပါတယ်။
အမှားအယွင်းတွေအတွက် ဂိုးနည်းပြ ဂျော့နဲ့ ဆွေးနွေးပြီး အိုနားနားကို အကူအညီဖြစ်စေဖို့ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မန်ယူနံပါတ်တစ်ဂိုးသမား အိုနားနားဟာ တယောက်ချင်းအမှားတွေကြောင့် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေ ခံနေရသူဖြစ်ပါတယ်။