
တောင်ကိုရီးယား အာဏာရပါတီဖြစ်တဲ့ ပြည်သူ့အာဏာပါတီ (PPP) ရဲ့ ခေါင်းဆောင်ဟောင်း ဟန်ဒေါင်ဟွန်းက သမ္မတရာထူးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဧပြီ ၁၀ ရက်မှာ ကြေညာပါတယ်။
ဟန်ဒေါင်ဟွန်းဟာ ၂၀၂၂ ခုနှစ် မေလမှာ နိုင်ငံရေးလောကကိုဝင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ PPP ပါတီရဲ့ ထိပ်တန်းရာထူးကို မထမ်းဆောင်မီ တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ပြည်သူကို ဦးစားပေးတဲ့ နိုင်ငံ၊ တိုးတက်နေတဲ့ လူလတ်တန်းစားတွေရဲ့ နိုင်ငံ၊ လက်တွေ့ကျတဲ့ အတွေးအခေါ် တွေနဲ့ ယှဉ်တဲ့ တိုင်းပြည်ကို တည်ဆောက်မယ်။ ဒီစိတ်နဲ့ နိုင်ငံရေးအပြောင်းအလဲ၊ ခေတ်အပြောင်းအလဲနဲ့ မျိုးဆက်သစ်အပြောင်းအလဲတွေကို ကျနော်တို့ ဆောင်ကြဉ်းမယ်လို့ တောင်ကိုရီးယား အာဏာရပြည်သူ့ အာဏာပါတီရဲ့ ခေါင်းဆောင်ဟောင်း ဟန်ဒေါင်ဟွန်းက ပြောပါတယ်။
သူဟာ မကြာသေးမီက ဖြုတ်ချခံရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ နီးစပ်ပေမဲ့ ယွန်းကို စွပ်စွဲပြစ်တင် ဖြုတ်ချမှုကို ကျောထောက်နောက်ခံပြုခဲ့ပြီးတဲ့နောက် သူတို့ရဲ့ ဆက်ဆံရေးက ယိုယွင်းလာခဲ့ပါတယ်။
“စစ်အုပ်ချုပ်ရေးကာလနဲ့ စွပ်စွဲပြစ်တင်မှု ဖြစ်စဉ်တွေမှာ ဒုက္ခရောက်ခဲ့ရသူတွေကို ကျနော်တို့ အများကြီး စာနာမိပါတယ်၊ နာကျင်စရာတွေကို အဆုံးထိဝေမျှပြီး ဝန်ထုပ်ဝန်ပိုးကို အချိန်ကြာကြာ သယ်ဆောင်သွားပါ့မယ်” လို့လည်း သူက ပြောပါတယ်။
လက်ရှိအာဏာရ ပြည်သူ့အာဏာပါတီဟာ သူ့ရဲ့ ကိုယ်စားလှယ်သမ္မတလောင်းကို မေလမှာ ပဏာမအဆင့်နဲ့ အတည်ပြုဖို့ စီစဉ်ထားပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း ယွန်းအပေါ် စွပ်စွဲပြစ်တင်မှုကို နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဧပြီ ၄ ရက်မှာ အတည်ပြုခဲ့ပြီးတဲ့နောက် ဇွန် ၃ ရက်မှာ သမ္မတရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
Source : Reuters