DVB Logo
Home
မြန်မာသတင်း
ဟားခါးနှင့်ရေစကြိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
April 9, 2025
ဟားခါးနှင့်ရေစကြိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့က ၄ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။

CDF Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေတဲ့ ရဲတယောက်နဲ့ စစ်မှုထမ်းတပ်သားသစ် ၂ ယောက်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်နက်ခဲယမ်းတွေ ယူလာပြီးတော့ ကျနော်တို့ CDF Hakha ဆီကို အလင်းဝင်လာခဲ့ကြတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့မတ် ၂၅ ရက်က ဟားခါးမြို့ပေါ်မှာ တာဝန်ကျနေပြီး တပ်သားသစ်အဖြစ်စုဆောင်းခံခဲ့ရသူ ၂ ယောက်နဲ့ ဧပြီ ၆ ရက် ဟားခါးမြို့ပေါ်က စိုက်ပျိုးရေးခြံမှာ တာဝန်ကျနေတဲ့ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား သန့်ဇင်ဖြိုးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာကြသူတွေဟာ လက်နက်ခဲယမ်းတွေ ယူဆောင်လာခဲ့ကြတဲ့အတွက် ဆုကြေးငွေတွေ ပေးအပ်ထားတဲ့အပြင် လုံခြုံစိတ်ချရတဲ့နေရာရောက်အောင် တာဝန်ယူပို့ဆောင်ပေးသွားမယ်လို့လည်း CDF Hakha က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ Southern YSO PDF က ဧပြီ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Southern YSO PDF ရဲ့ တာဝန်ခံ ကိုအောင်မောင်း က “ကျနော်တို့ဆီကို အလင်းဝင်လာတဲ့သူက ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျတဲ့ တပ်ကြပ် ဖြူလေး ဖြစ်ပါတယ်။ စစ်တပ်ရဲ့ပြည်သူတွေအပေါ် မတော်မတရားလုပ်ဖို့ စေခိုင်းနေတာကို စိတ်ကုန်လို့ ကျနော်တို့အဖွဲ့ဆီ ခိုလှုံဖို့ ဆက်သွယ်လာခဲ့လို့ သွားပြီးခေါ်ပေးခဲ့ရတာဖြစ်တယ်။ သူအပါအဝင် သူနဲ့ပတ်သက်သူတွေရဲ့ လုံခြုံရေးအတွက် သတင်းကို နောက်ကျမှ ထုတ်ပြန်ပေးရတာပါ။ အခုတော့ သူသွားချင်တဲ့နေရာကို ပို့ပေးထားလိုက်လို့ အေးအေးချမ်းချမ်းနေထိုင်နိုင်နေပြီ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ တပ်ကြပ် ဖြူလေး (တ/၅၁၂၄၄၂) ဟာ စစ်သက် ၁၀ နှစ်နီးပါးရှိကာ မိခင်တပ်ရင်းက ပခုက္ကူအခြေစိုက် ခလရ ၂၅၉ ဖြစ်ပြီး MA2 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ၅.၅၆ ကျည် ၃၀၀ နဲ လက်ပစ်ဗုံး တလုံးတို့ ယူဆောင်လာခဲ့တဲ့အတွက်လည်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်အလိုကျ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြတဲ့ စစ်သား၊ ရဲ၊ ပျူစောထီးတွေနဲ့ အတင်းအဓမ္မ စုဆောင်းခံရသူတွေအနေနဲ့ ပြည်သူ့မျက်နှာကို ရှေးရှုပြီး ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ခိုလှုံကြဖို့  တော်လှန်ရေးတပ်ဖွဲ့တွေက ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013