
စစ်ကိုင်းငလျင်မှာ သေဆုံးခဲ့ရသူတွေကို ငွေကျပ် ၁၀ သိန်းစီပဲ ထောက်ပံ့ပေးမယ်ဆိုတဲ့ စစ်ခေါင်းဆောင် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ လူထုကြားမှာ ဝေဖန်ခံနေရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်မှာ သေဆုံးခဲ့ရသူတွေအတွက် တယောက်ကို ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးမယ်လို့ စစ်ခေါင်းဆောင်က ဧပြီ ၅ ရက်မှာ ပြောဆိုခဲ့တာပါ။
မြန်မာကျပ်ငွေ ၁၀ သိန်းဟာ လက်ရှိ ပြင်ပပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂၂၀ ကျော်သာရှိပြီး ထိုင်းဘတ်ငွေ ၈,၀၀၀ နီးပါးသာ ရှိပါတယ်၊ ဒီငွေကြေးပမာဏဟာ လက်ရှိ မြန်မာနိုင်ငံ ငွေကြေးဖောင်းပွမှုတွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
ငလျင်မှာ သေဆုံးသူ မိသားစုဝင်တယောက်ကတော့ မိသားစုဝင် သေဆုံးမှု တန်ဖိုးဟာ ငွေကျပ် ၁၀ သိန်း မဖြစ်သင့်ကြောင်း DVB ကို ပြောပါတယ်။
“အခုထိတော့ ဆက်သွယ်လာတာ မရှိသေးပါဘူး။ ပိုက်ဆံ ၁၀ သိန်းနဲ့တော့ ဘာမှမဖြစ်ပါဘူး၊ ကိုယ့်မောင် အသက်နဲ့ တန်လည်းမတန်ပါဘူး။ ခုချိန်မှာ ကိုယ့်မောင် ဆုံးရှုံးရတာကိုပဲ ခံစားနေရတာ။ အဲဒီပိုက်ဆံတွေ လိုလည်းမလိုချင်ဘူး၊ ၁၀ သိန်းနဲ့လည်း ပြောရမှာတောင် ဘာမှ မတန်ဘူးလေနော်။ သူတို့ဘက်ကိုတော့ မဝေဖန်ချင်ဘူး။ ပိုက်ဆံ ၁၀ သိန်းနဲ့တော့ ခုခေတ်ကာလမှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ လူတယောက် အသက်နဲ့ ပိုက်ဆံ ၁၀ သိန်းနဲ့က တကယ်ဆို ဒီထက်မက ပံ့ပိုးပေးသင့် ပံ့ပိုးပေးစေချင်တာပေါ့။”
စစ်ကောင်စီရဲ့ စာရင်းတွေအရကတော့ ဧပြီ ၇ ရက်အထိ သေဆုံးသူ ၃,၆၀၀ ရှိလာပြီဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေးအနေနဲ့ နိုင်ငံပေါင်း ၂၀ ကနေ ကူညီကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ ပေးပို့ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီလို နိုင်ငံတကာရဲ့ ထောက်ပံ့ပေးမှုတွေ ရှိပေမဲ့ ငွေကျပ် ၁၀ သိန်းသာ ထောက်ပံ့ပေးတာက ရှက်စရာကောင်းကြောင်း တက်ကြွလှုပ်ရှားသူတယောက်က ဝေဖန်ပါတယ်။
“သူတို့ကိုယ်သူတို့ အတင်းအဓမ္မ နိုင်ငံတော်အာဏာကို ယူထားတယ်။ သူတို့ကိုယ်သူတို့ အစိုးရ ပါဆိုပြီးတော့ နိုင်ငံတကာတွေနဲ့ ဖုန်းတွေပြော၊ အကူအညီတွေတောင်းခံ၊ ပြီးတော့ ဒေါ်လာငွေတွေလည်း လက်ခံပြီးတော့မှ ဒီကောင်တွေ မရှက်ဘူးလားလို့ ကျနော် မေးချင်တာ။ နံပါတ်နှစ်က မစာနာဘူးလားပေါ့။ မစာနာဘူးလား ဆိုတာ ကျန်ခဲ့တဲ့ မိသားစုတွေအပေါ်မှာ မစာနာဘူးလားလို့ ကျနော် မေးချင်တာ။ ကျနော်တို့ သေသွားတဲ့လူတယောက်အတွက် ထောက်ပံ့တာသည် ဆန် ၁၀ အိတ်ဖိုးတောင် မရှိတာ။ ဒါ့ကြောင့်ပဲ မရှက်ဘူးလား၊ မစာနာဘူးလားလို့ ကျနော် မေးခွန်းမေးချင်တယ် စစ်ကောင်စီကို။ သေသွားလို့ ကျန်ရစ်တဲ့ မိသားစုဝင်တွေမှာဆို စိတ်ဒဏ်ရာတွေ အရမ်းကြီးကျယ်လွန်းတယ်။ သူတို့ နိုင်ငံတော်အဆင့်ဗျာ ဒီထက်မကတော့ လုပ်သင့်တာပေါ့၊ တော်တော်စိတ်မကောင်းဘူး။”
DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရကတော့ ဧပြီ ၆ ရက်အထိ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီပေးမှုက အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၈၈ သန်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေကနေ ငလျင်အတွက် အလှူငွေတွေ ဆက်လက်ကောက်ခံနေဆဲ ဖြစ်ပါတယ်။
ဝေဝေ