DVB Logo
Home
နိုင်ငံတကာ
ရုရှား ဘဲလ်ဂရော့ဒ်ဒေသ၌ ယူကရိန်းတပ်ဖွဲ့များ လှုပ်ရှားနေကြောင်း ဇလန်းစကီး အတည်ပြု
DVB
·
April 8, 2025
ရုရှား ဘဲလ်ဂရော့ဒ်ဒေသ၌ ယူကရိန်းတပ်ဖွဲ့များ လှုပ်ရှားနေကြောင်း ဇလန်းစကီး အတည်ပြု
Donate to DVB

ရုရှားနိုင်ငံ ဘဲလ်ဂရော့ဒ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ လှုပ်ရှားမှုရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၇ ရက်မှာ ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

သမ္မတ ဇလန်းစကီးက “ကျနော်တို့တပ်ဖွဲ့တွေဟာ ကာ့စ်ခ်ဒေသမှာ ရှိနေတာနဲ့ ဘဲလ်ဂရော့ဒ်ဒေသမှာ ရောက်ရှိနေကြောင်း ရှေ့တန်းအစီရင်ခံစာကို ယူကရိန်း ထိပ်တန်းတပ်မှူး အိုလက်ခ်ဆန်းဒါး ဆီရ် စကယီးက တင်ပြလာတယ်” လို့ သူ့ရဲ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ရုရှားတပ်တွေဟာ ဆုံးရှုံးသွားတဲ့ နယ်မြေအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်း နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုအပြီး ၈ လအကြာမှာ အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

သမ္မတဇလန်းစကီးက “ကျနော်တို့ဟာ ရန်သူရဲ့ နယ်စပ်ဒေသတွေမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာဖြစ်ပြီး ဒါဟာ လုံးဝ တရားမျှတတယ်။ စစ်ပွဲဟာ သူလာတဲ့နေရာကို ပြန်သွားရမယ်” လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတ ဇလန်းစကီးဟာ ယူကရိန်းရဲ့ အမှတ် ၂၂၅ တိုက်ခိုက်ချေမှုန်းရေးတပ်ရဲ့ နယ်မြေအတွင်း စစ်ဆင်ရေးတွေမှာ တပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ကာ့စ်ခ်နယ်မြေတွေကို ရုရှားက ပြန်လည်သိမ်းပိုက်ခဲ့ပေမဲ့ ဇလန်းစကီးက အဲဒီနယ်မြေကို လနဲ့ချီ ထိန်းချုပ်ထားနိုင်ခဲ့ကြောင်းနဲ့ ယူကရိန်းနိုင်ငံ ဒွန်နက်စ်ခ်ဒေသရှိ စစ်ပွဲရဲ့ အဓိက ရှေ့တန်းစစ်မျက်နှာမှ ရုရှားတပ်တွေကို ဆုတ်ခွာသွားစေဖို့ စစ်ရေးဖိအား လျှော့ချတဲ့ စစ်ဆင်ရေး အောင်မြင်ခဲ့ကြောင်းကို အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။

ရုရှားစစ်တပ်ဘလော့ဂါတွေဟာ ဘဲလ်ဂရော့ဒ်ဒေသမှာ ရုရှားနဲ့ ယူကရိန်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်းကို အစီရင်ခံ တင်ပြခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ရုရှားစစ်တပ်ဟာ ကာ့စ်ခ်ဒေသ တဖက်ခြမ်းဖြစ်တဲ့ ယူကရိန်းအရှေ့မြောက်ပိုင်း ဆူမီဒေသရှိ ဘာဗိစ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ တခြားနေရာ အစိတ်အပိုင်းတွေမှာ ယူကရိန်းတပ်ဖွဲ့တွေကို ချေမှုန်းခဲ့ကြောင်း ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က နယ်စပ်တလျှောက်မှာ ကြားခံဇုန်တခုကို ဖောက်လုပ်ဖို့ ရုရှားတပ်ဖွဲ့တွေကို အကြိမ်ကြိမ် အကြံပြုခဲ့ပါတယ်။

ဘာဗိစ်ကာ ကျေးရွာဟာ ရုရှားလက်ထဲ ရောက်နေတယ် ဆိုတာကို ယူကရိန်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့မှာ ငြင်းဆိုချက်အသစ် ထုတ်ပြန်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013