
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်နဲ့ မန္တလေးမြို့ရှိ အားကစားကွင်းတွေနဲ့ အားကစားရုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့တဲ့ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနဲ့ ဇေယျာသီရိ ဘောလုံးကွင်းတွေ အပါအဝင် တခြားအားကစားရုံတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။
ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအတွင်း ပွဲကြည့်စင်တွေနဲ့ ဝင်ပေါက်ရှိ အုတ်နံရံတွေ ကွဲအက်ခဲ့သလို ပြေးလမ်းတလျှောက်မှာလည်း ကွဲအက်ခဲ့ပါတယ်။
ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနဲ့ အားကစားရုံတွေ ထိခိုက်ပျက်စီးမှု အခြေအနေကို ဧပြီ ၇ ရက်က စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေကို နည်းပညာရှင်တွေ အကူအညီနဲ့ စနစ်တကျပြုပြင်ဖို့ လိုအပ်ကြောင်းနဲ့ လူတွေ အများအပြားလာရောက်တဲ့ အားကစားကွင်းတွေဖြစ်လို့ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်နေဖို့ လိုအပ်ကြောင်း တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနဲ့ မြန်မာဘောလုံးအကယ်ဒီ အဆောက်အုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။